Wednesday, December 30, 2009
ပွဲတော်ည
    အဲ့ဒီညဟာ...ရောင်စုံညလေးတစ်ခုဖြစ်နေတယ်...။ မျှော်လင့်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့ မွတ်သိပ်ခြင်း တွေကလည်း သူ့ကိုအားဖြည့်ပေးနေခဲ့ကြလေတယ်...။ ရယ်မောလိုက်တဲ့အသံတွေ၊ အချင်းချင်း စကားစ မြည်ပြောဆိုနေခဲ့ကြသံတွေ...၊ တစ်ယောက်နဲ့တစ်ယောက် ဂုဏ်ပြုချီး မြှောက်လိုက်တဲ့အသံတွေ...၊ အား လုံး အားလုံးသောအသံတွေဟာ လေစီးကြောင်းကနေ တစ်ဆင့်ကောင်းကင်ယံဆီကို လွင့်ပျံ့သွားခဲ့ကြ တယ်...။
       ကောင်းကင်ထက်မှာလင်းလက်နေတဲ့ ကြယ်စင်လေးတွေလိုပါပဲ...၊ အမျိုးသမီးလေး များရဲ့ မျက်ဝန်းနဲ့ အပြုံးတွေဟာ လင်းလက်တောက်ပနေခဲ့ကြပေါ့...။ ပင်လယ်သမုဒ္ဒရာ တွေဆီက ကျောက်ဆောင်တန်း တစ်ချို့လိုမျိုး တည်ကြည်ခိုင်မာခြင်းများစွာရှိနေသယောင် မျက်နှာထား၊ အပြုံးများနဲ့ အမျိုးသားအချို့ဟာ လည်း အမျိုးသမီးပျိုလေးများနဲ့ မနီးမဝေးမှာ ရှိနေခဲ့ကြပြန်သေးတယ်...။
       ညဟာ ဘာကိုမှ မသိနားမလည်တတ်သေးတဲ့ ကလေးငယ်လေးတစ်ယောက်လိုပဲရှိ နေခဲ့ပါသေးရဲ့...။ အားလုံးသော လူတွေဟာ ရွှင်မြူးနေကြဆဲပါပဲ...။ သူတို့တွေပျော်ရွှင်နေ ဆဲခဏမှာ ၀မ်းနည်းပူဆွေးမှု တစ် ချို့တစ်လေကတော့ နှလုံးသားဝိညာဉ်ရဲ့အနက်ရှိုင်းဆုံး ထောင့်တစ်နေရာမှာ နွေးထွေးစွာ အိပ်စက်နေ ခဲ့ကြတယ်လေ....။ ဒါပေမယ့် ဟိုး.. အဝေး ဝေး တောင်တန်းတွေပေါ်မှာရှိတဲ့ ထင်းရှူးပင်လေးတွေကတော့ အေးမြခြင်းရဲ့ပြင်းရှတဲ့ အရသာကို ထိရှစွာခံစားနေခဲ့ကြရပြီ....။
                                                          **********
    လူအုပ်စုကြီးရဲ့ မနီးမဝေးမှာတော့ မီးပုံကြီးတစ်ခုဟာ ပျင်းရိခြင်းများစွာနဲ့တောက် လောင်နေခဲ့ရင်း တစ်ကိုယ်တည်းညည်းညူလိုက်တယ်....၊ ‘ရှိပါစေတော့’...တဲ့လေ...။ လူအုပ်စုကြီးကိုကြည့်ရင်းနဲ့ပေါ့...။
      အဲ့ဒီအသံကိုလည်းကြားလိုက်ရရော... မလှမ်းမကမ်းမှာရှိတဲ့ ၀ါးရုံပင်အုပ်က ခိုးခိုးခစ်ခစ်နဲ့ (မခိုးမခန့် နိုင်လွန်းလှတဲ့ အသံနဲ့) ကြိတ်ရယ်လိုက်တယ်...။ ဒါပေမယ့် ၀ါးရုံပင်အုပ်ရဲ့ ရယ်သံကို လူအုပ်စုကြီးဆီက အ ဖိုးတန်ကျောက်မျက်ရတနာတွေနဲ့ အ၀တ်အစားတွေက ကြားဖြစ်အောင်ကြားလိုက်မိကြတယ်....။ ကြား လိုက်မိတဲ့ခဏမှာသူတို့တွေဟာ ကိုယ်စီမ လုံမလဲဖြစ်သွားကြပြီး သူတို့ရဲ့မျက်လွှာတွေကို အသာချလိုက် ကြတယ်...။ ဒါပေမယ့် သူ တို့ရဲ့ မျက်နှာတွေကတော့ မထီလေးစားပုံစံနဲ့ မာန်တက်နေခဲ့ကြတုန်းပဲတဲ့....။
       “ဒါမျိုးတွေဟာ မဖြစ်သင့်ဘူး....၊ တစ်ကယ်တော့ လူတွေဟာ ၀မ်းတွင်းရူးတွေပဲ”....
       လို့ လင်းနို့တွေက ခပ်ကျယ်ကျယ်ပြောလိုက်ကြတယ်...။ ဇီးကွက်တစ်ကောင်ကလည်း လင်းနို့တွေ ရဲ့စကားကိုဖြည့်စွက်စွာနဲ့ ၀င်ပြီးပြောလိုက်ပြန်တယ်...။
      “တစ်ကယ်တမ်းပြောရမယ်ဆို လူတွေဟာ ကျေးဇူးမသိတတ်ဘူးလို့ ဆိုနိုင်တယ်ဗျ..၊ ဘယ်သူတွေက များ သူတို့လူ့ဘောင်လောကကို တိုက်ရိုက်ရော၊ နောက်သွယ်ဝိုက်ပြီးတော့ ပါ ကူညီထောက်ပံ့ပေးပြီးနေခဲ့ ကြတာကို သူတို့အခုအချိန်မှာ တွေးတောင်တွေးမိကြမှာ မ ဟုတ်ပါဘူး....။ မယုံရင် ခုနေခါ ခင်ဗျားတို့ကျုပ် တို့ အဲ့ဒီဝိုင်းထဲကိုသွားကြည့်...၊ ခါးခါး သီး သီးကို ၀ိုင်းနှင်ထုတ်ကြလိမ့်မယ်...။ အရိုက်ခံရလို့ ကျိုးပဲ့မသွား ရင်ပဲ ကံကောင်းတယ် မှတ်”....
       “ဟုတ်ပရှင်...ဟုတ်ပ...၊ ပြောရမယ်ဆိုရင်တော့လေ...လူတွေဟာသနားစရာကောင်း လောက်အောင် ကိုပဲ သိပ်ပြီးထုံထိုင်းလွန်းတတ်ကြပါရဲ့...။ ကြည့်လေ... လောကမှာ တစ် ကယ့် အလှအစစ်ဆိုတာ သူတို့ ဘာမှန်းတောင်မှ မသိကြသေးဘူး”....
       လို့ ညမွှေးပန်းပွင့်လေးတွေက နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နဲ့ ကြွက်ကြွက်ညံနေခဲ့ အောင်ဝင်ပြော လိုက်ကြပြန်တယ်...။
       သူတို့တစ်အုပ်လုံး ပြောနေတဲ့စကားသံတွေကို အနားမှာတစ်ချိန်လုံးငြိမ်ပြီးနားထောင် နေခဲ့တဲ့ ညောင် ပင်အိုကြီးက...
       “တော်ကြစမ်းပါကွယ်... ငါ့နှယ် အေးအေးဆေးဆေးနေရမလားမှတ်တယ်... ၊ နားကိုညည်း နေတော့ တာပါပဲ...။ ဒီမှာမင်းတို့မှတ်ထားကြ...၊ အားလုံးဟာ...သူ့နေရာနဲ့သူလို အပ်တယ်...။ ဒါကို မင်းတို့က တစ် ဖက်သတ်အတွေးတွေနဲ့ တွေးပြီးလျှောက်ပြောမနေကြနဲ့ကွဲ့..။ ပြီးတော့ ကိုယ်စီ အားနည်းချက် အားသာ ချက်တွေလည်းရှိကြမှာပဲ...။ အေးပေါ့လေ လောကမှာ သူများကို အပြစ်ပြောဖို့၊ သူများအားနည်းချက်ကို ထောက်ဖို့ဆိုတာက အလွယ်ကူဆုံးအလုပ်ပဲကိုး”.... လို့ ညည်းညူစွာနဲ့ ပြောလိုက်တယ်...။
       အဲ့ဒီအချိန်မှာပဲ....
       သာယာညှင်းပြောင်းတဲ့ ဂီတသံစဉ်လေးတစ်ခုက သူတို့အားလုံးဆီကို ဟိုး... ဝေး ဝေးကနေပြီး လွင့်ပျံ့ လာခဲ့လေတော့တယ်...။
                                                           **********
      ဘယ်အရာကများ ငါတို့ရဲ့စိတ်လှုပ်ရှားလာနိုင်တဲ့အချိန်တွေကို ကန့်သတ်ထိမ်း ချုပ်လို့ထား နိုင်လိမ့်မလဲ...။ ဒါပေမယ့်လည်း ငါတို့ဟာ ကိုယ်ပိုင်တဲ့လမ်းကို ကိုယ်ကိုတိုင်ပဲရွေးချယ်နိုင်ဖို့အ စွမ်း ရှိသင့် လှပါတယ်...။ ပင်ပန်းဆင်းရဲမှု၊ ဒါမှမဟုတ်ရင် ခက်ခဲကြမ်းတမ်းမှု...၊ ဘာတွေပဲကြုံဆုံလာရ ပါစေ.. ငါတို့ရဲ့ ကိုယ်တွင်းသစ္စာတရားဟာ ထိမ်းသိမ်းဖို့သင့်ပါတယ်။
       အမှန်တရားဆိုတာ ကမ္ဘာမြေကြီးပေါ်ကနေ ဘယ်တော့မှပျောက်ကွယ်သွားမဲ့အရာမ ဟုတ်ခဲ့ပါဘူး...။ အဲ့ဒါကိုလူတိုင်း သတိမပြုမိ၊ မသိခဲ့မိကြပေမယ့် ငါတို့ကတော့နားလည်သ ဘောပေါက်သင့်ပါတယ်...။ ငါတို့ သာ မစဉ်းစားမတွေးခေါ်တတ်ခဲ့ဘူးဆိုရင်တော့ ကောင်းမွန်တဲ့ နေရာနဲ့ အချိန်အခါတွေဟာ ဘာမှအသုံးဝင် တော့မှာမဟုတ်ပါဘူး...။ အဓိကဟာ အဓိကပါပဲ...၊ ဘယ်အရာမှ လာပြီးပြောင်းလဲပစ်လို့မရနိုင်သလို ဖြစ် လည်း မဖြစ်နိုင်ပါဘူး..။
       မေးခွန်းတစ်ခုလောက် ငါ့ကိုယ်ငါမေးကြည့်ချင်မိတယ်...။ ငါပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂုဏ် သိက္ခာကို ဘယ် လိုတိုင်းတာရင်ကောင်းမလဲ...။
       အဆိုးဆုံးကတော့ အရောရော အနှောနှောနဲ့ ငြိတွယ်စွာ ရှုပ်ထွေးတတ်ခြင်းများရယ် ပါပဲ...။
                                                      **********
       ငွေရောင်နှင်းမြူလေးတွေဟာ တစ်ဖွဲဖွဲကျဆင်းနေခဲ့တုန်းပါပဲ...။ စောစောက ကဲ့ရဲ့ပြစ်တင်နေခဲ့ကြတဲ့ တစ်စုကတော့ ငြိမ်သက်သွားခဲ့ကြပါပြီ...။ အမှန်ကိုမြင်သွားလို့လား...၊ မလွန်ဆန်နိုင်တာ ကြောင့်လားဆိုတာ... သူတို့မှလွဲရင် သိနိုင်စရာလူတစ်ယောက်မှ ရှာတွေ့ဖို့ လမ်းစမရှိခဲ့...။ မီးပုံဘေးနားက လူတစ်စုကတော့ ယစ်မူးပျော်ရွှင်စွာရှိနေခဲ့ကြဆဲပဲ...၊ ဒါပေမယ့်လည်း သူတို့တွေဟာ အဲ့ဒီအချိန်လေးကို ထာဝရအတွက်သိမ်းထားဖို့ဘယ်လိုမှ မဖြစ်နိုင်ခဲ့တာ သေချာလှပါတယ်...။
       ရုတ်တစ်ရက်ဆိုသလိုပါပဲ...၊ နာရီစင်အိုကြီးကနေ မြည်သံတစ်ချို့ထုတ်လွှတ်လိုက်ပါတယ်...။ မြည် သံအားလုံးက ဆယ့်နှစ်ချက်တိတိပါပဲ...။ နာရီစင်အိုကြီးကတော့ သူ့တာဝန်ကို ပုံမှန်ဆောင်ရွက်လိုက်တာ မှန်ပေမယ့်... လူအုပ်စုကြီးကတော့....
       “ပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ပါ.”.... လို့ ရွှင်မြူးစွာအော်ဟစ်ခဲ့လိုက်ကြတယ်...။
       ပြီးတော့ သူတို့တွေဟာ..တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ရင်း အပြန်အလှန် ဆုတောင်းပေးနေ ခဲ့ကြတယ်...။ နှစ်သစ်အတွက်ပေါ့...။ ဒါပေမယ့် အဲ့ဒီဆုတွေ တစ်ကယ်ဖြစ်လာမှာ ဟုတ်မဟုတ်ဆိုတာကို ဘယ်လိုသိနိုင်မှာလဲလေ...။
       ဘ၀တစ်ခုခြင်းစီရဲ့ ပြည့်စုံမှုဆိုတာ ဘာကိုခေါ်ပါသလဲ....။
       အဖြူနဲ့ အမည်းရောင်တွေကတော့ ကမ္ဘာကြီးတည်နေသရွေ့ရှိနေခဲ့ဦးမှာပါပဲ...။
       နေ့တစ်နေ့ခြင်းစီဟာ ဘ၀တွေပါပဲ...။ ဘယ်လိုပုံစံနဲ့ ဖြတ်သန်းသွားကြမလဲ...။
       ပူဆွေးမှုတွေနဲ့တော့ နေ့ရက်တွေကို မပေစွန်းပါစေနဲ့...။ ၀မ်းနည်းမှု၊ နာကျင်မှုတွေဟာလည်း ရိုးစင်း စွာရောက်လာတတ်တဲ့ ဧည့်သည်တစ်မျိုးမို့လို့ပါပဲ...။
       မသိနားမလည်ခြင်းထက် လွဲမှားစွာနားလည်တတ်ခြင်းက ပိုမိုဆိုးရွားတတ်တာမို့...
       တစ်ခါတစ်လေမှာ အမှန်တွေက အမှားဖြစ်သွားနိုင်တာကတော့ သေချာပါတယ်...။
       ရံဖန်ရံခါတော့လည်း ညစ်ပေနေတဲ့ မျက်နှာတွေဟာ သန့်ရှင်းစင်ကြယ်နေသလိုရှိနေ တတ်သေးရဲ့...။
       မျက်ကန်းနေသူတစ်ယောက်လို....
       တစ်ချို့တွေဟာ အမှန်ကိုမမြင်နိုင်ကြဘူး...။
       အကြားအာရုံ ချို့တဲ့နေတဲ့သူတစ်ယောက်လို....
       တစ်ချို့တွေဟာလည်း ကောင်းမြတ်ခြင်းတရားကို မကြားတတ်ကြဘူး...။
       ဆွံ့အနေတဲ့သူတစ်ယောက်လိုမျိုး...
       တစ်ချို့တွေဟာလည်း အမှန်ကိုပြောမထွက်တတ်ကြပါဘူး...။
       ..... အဲ့ဒါတွေအတွက် အငြင်းပွားနေစရာမလိုပါဘူး...။ လူတိုင်းဟာ ကိုယ့်အကြိုက်ကို ကိုယ်တိုင်ရွေး ချယ်ပိုင်စွမ်းရှိကြလို့ပါပဲ...။ ဒါပေမယ့်လည်းလေ...ကိုယ်ကြိုက်တာ ကိုယ် လုပ်ခွင့်ရနေတာတောင်မှ တစ်ချို့ တွေဟာ ဘာကိုမပြည့်ဝနိုင်သေးစွာနဲ့ မကျေနပ်နိုင်ရခဲ့သေးတာလဲ...။
       ဘာပဲဖြစ်ဖြစ်ပါ...။
       သူတို့တွေသာ ဘ၀အိပ်မက်ဆိုးကို နိုးထခွင့်မရလောက်အောင်မက်ခွင့်ရခဲ့မယ်ဆို....
       ဘယ်သူတွေကများ ကူညီနိုင်မှာလဲလေ...။
       နောက်ဆုံး...စစ်မှန်တဲ့ ချစ်ခြင်းကိုရော ဘာနဲ့ သက်သေပြနိုင်မှာလဲ....
                                                          **********
       နှစ်သစ်ကို ကြိုဆိုတဲ့ပွဲလေးကတော့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်..။ စောစောက လူအုပ်ကြီးဟာ လည်း ဦးတည်ရာ ခြားနားစွာနဲ့ တစ်ကွဲတစ်ပြားစီဖြစ်သွားခဲ့ရတော့တယ်...။ ဒါပေမယ့်လည်း သူတို့တွေထဲ မှာ တစ်ချို့တွေက လှပနေဆဲ...၊ တစ်ချို့တွေက ရီဝေေ၀ဖြစ်နေကြဆဲပဲတဲ့...။ ဘယ်သူတွေကများ သူတို့ တွေကို အကောင်းဆုံးတွေ သယ်ဆောင်လာပေးမှာလဲ။
       ညကတော့ အိပ်မောကျသွားခဲ့ပြီဖြစ်ပါတယ်...။
       နှင်းမြူလေးတွေကတော့ သိပ်သည်းစွာနဲ့ ကျဆင်းနေခဲ့တုန်းပဲတဲ့....။
       နှစ်သစ်ကတော့ ငါတို့ရဲ့ဆီကိုရောက်လာခဲ့ပြီးပြီဖြစ်ပါတယ်...။
       နှစ်တိုင်းနှစ်တိုင်းမှာ ငါတို့တွေဟာ ဆုတွေတောင်းကြတယ်...၊ ဆုံးဖြတ်ချက်တွေ...၊ ရည်ရွယ်ချက်တွေ ထားခဲ့ကြတယ်...။ ဒါပေမယ့်လည်း အဲ့ဒါတွေအားလုံးဟာ တစ်ကယ် တမ်းမှာတော့ ငါတို့ရဲ့လက်တွေ့ဖြတ် သန်းရတဲ့နှစ်တစ်နှစ်အပေါ် သက်ရောက်မှုရှိချင်မှ ရှိနေလိမ့်မယ်...။
       ဒါပေမယ့် ဆိုရိုးစကားတစ်ခုရှိခဲ့ဖူးတယ်...။ “ဘာမှမရှိတာထက် တစ်စုံတစ်ခုရှိနေတာက ပိုမိုကောင်း မွန်နေသေးတယ်”...(something is better then none) ဆိုတာပါပဲလေ.....။          ။
(ပုံကလေးကို ဒီနေရာမှ ယူသုံးပါတယ်ခင်ဗျာ...။)
=========================================================
ကျွန်တော့်ရဲ့ ဒီနေရာလေးကို စာလာလာဖတ်ပေးတဲ့၊ချစ်ခင်လေးစားရတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်း
တွေအားလုံးနဲ့ တိတ်တိတ်လေးလာဖတ်ပေးနေခဲ့တဲ့ မောင်နှမတွေအားလုံးအတွက် အမှတ်တရ ရေးလိုက်မိ တဲ့ပို့စ်လေးပါခင်ဗျာ...။ အားလုံးပဲ ပျော်ရွှင်သော၊ ချမ်းမြေ့သော နှစ်သစ်ဖြစ်စေဖို့ ဒီနေရာလေးကနေ ဆန္ဒပြုနေလျှက်ပါခင်ဗျာ....။
=========================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
Friday, December 25, 2009
မညှိုးပန်း
     နက်လင်းအားကြီးချိန်က သည်းထန်စွာရွာသွန်းခဲ့သော မိုးကြောင့်ထင်ပါသည်။ ညဆိုင်း အလုပ်ခွင် မှ အိမ်သို့အပြန် လှမ်းနေဆဲဖြစ်သော သူ၏ခြေလှမ်းများအောက်မှ အနက်ရောင်နိုင်လွန်ကတ္တရာလမ်းညီညီ လေးက ရေစက်များဖြင့်စွတ်စိုနေခဲ့၏။ ထို့အတူ လမ်းမထက်တွင် ဟိုဒီပြန့်ကျဲစွာကြွေကျနေခဲ့သော သစ် ရွက်စိမ်းစိမ်းလေးများကိုလည်း စိုစွတ်နေဆဲဖြစ်တာတွေ့ရသည်။
      ကောင်းကင်ကို သူတစ်ချက်မော့ကြည့်မိသည်။ မနက်စောစောဖြစ်နေပေမယ့် နေရောင်လုံးဝမမြင်ရ..။ အုပ်စုဖွဲ့ကာ ဟိုဒီရွေ့လျားနေခဲ့သောတိမ်မည်းညိုညိုတို့က ကြည့်နေရင်းခဏမှာပင် တစ်ဖြေးဖြေး နိမ့်ဆင်း လာနေသည်ထင်ရ၏။ အတွေ့အကြုံအရ နောက်ထပ်တစ်ခါထပ်ပြီး မိုးရွာဖို့ အစပျိုးနေပြန်ပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ဝေ့,ခနဲတိုက်ခတ်လာသော မိုးသက်လေတစ်သုတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး စိမ့်ခ,နဲဖြစ်အောင် အေးသွားရ၏။ ထို့ကြောင့် ပခုံးနှစ်ဖက်ကို အသာကြုံ့ရင်း....လှမ်းနေဆဲဖြစ်သော ခြေလှမ်း များကို ခပ်သွက်သွက်လေး လှမ်းလိုက်မိ၏။
      နောက်...စိတ်ထဲမှလည်း..နောက်ထပ် ဆယ့်ငါးမိနစ်အတောအတွင်း ဒီမိုးမရွာပါစေနဲ့ဟု...တိတ်တိတ် ကျိတ်ကာ ဆုတောင်းမိသည်။ အလုပ်မှအပြန် သူ့တွင်ထီးမပါလာခဲ့တာကြောင့်ပဲဖြစ်ပါသည်။
         နှစ်တစ်နှစ်ရဲ့ပြီးဆုံးမှုကို လှပစွာအနားသပ်ပေးမြဲဖြစ်သည့် ဒီဇင်ဘာလလေးဖြစ်တာမို့ သူရှင်သန်ကြီး ပြင်းခဲ့ရာ အမိမြေတွင် မြူနှင်းတို့ဝေဖြာစွာဖြင့် အေးမြမြဆောင်းဥတုလေးဖြစ်နေခဲ့မှာ အသေအချာပင်..။ သို့ သော်လည်း လက်ရှိသူနေထိုင်ကာ အလုပ်လုပ်နေခဲ့ရသည့် ပြည်ပနိုင်ငံငယ်လေးတစ်ခုတွင်မူ အခုတလော မိုးများရွာသွန်းနေခဲ့သည်မှာ နေ့စဉ်ရက်ဆက်ဆိုသလိုပင်ဖြစ်နေပါသည်။
        ထိုကဲ့သို့ အိမ်အပြန်လမ်းတွင် မိုးတွေရွာသည်ဖြစ်ဖြစ်...၊ ရွာခါနီးဆဲဆဲပဲဖြစ်ဖြစ်...သူ့ရင်ထဲတွင်.....
@@@@@@@
      အုတ်နီခဲအကျိုးအပဲ့များကို ထုခွဲကာခင်းထားသော မညီမညာလမ်းကလေးရဲ့အထက်တွင် ခပ်စောစောက ရွာချခဲ့သော မိုးရေစက်များ ပေစွန်းနေခဲ့သည်။ လမ်းကလေး အထက်ရှိချိုင့် ခွက်နေရာ အ တော်များများထဲတွင် ရွံ့ရောင်ပေါက်နေသောရေများဝပ်ကျန်နေရစ်ခဲ့တာတွေ့ရ၏။ လမ်းဘေးအစပ်နားမှ ရေများ ပြည့်နေခဲ့သော ရေနှုတ်မြောင်းလေး၏ နှုတ်ခမ်းအစပ်တွင် မြက်နှင့် ကနဖော့ပင်များက စိမ်းလန်း စွာဖြင့် သန်စွမ်းစွာ ပေါက်နေခဲ့တာကိုလည်းမြင်နေရသည်။
      မိုးတွင်းစီး ကွင်းထိုးဖိနပ်အနက်ရောင်ခပ်ကြီးကြီးတစ်ရံ၏ အကူအညီဖြင့် (သူ့အတွက်) အချိန်မရွေးပင် ချော်လဲသွားနိုင်သော မညီမညာလမ်းကလေးထက် ဂရုစိုက်စွာလျှောက်လှမ်းနေခဲ့ရသည်။ သို့သော် တစ်ခါ တစ်ရံတွင် နင်းစရာအမာခံမရှိပဲ ရေပြည့်နေသည့် ချိုင့်ခွက်ငယ်လေးများကိုမူ ကွေ့ပတ်ရှောင်မသွားတော့ပဲ သူခုန်ကျော်ပစ်ခဲ့တတ်သည်။ ခပ်ဆိုးဆိုးလမ်းကလေးအထက်တွင် လမ်းလျှောက်နေခဲ့ရတာမှန်သော်လည်း မိုးရနံ့ပါသောလေထုကို ရှူရှိုက်ရင်း သူနှစ်သက်စွာပျော်နေမိခဲ့သည်။ ဇူလိုင်လရဲ့ မိုးရက်တစ်ရက်ဖြစ်တာမို့ ကောင်းကင်ပြင်တစ်ခုလုံးတွင် တိမ်မည်းညိုညိုတို့က မှိုင်းမှိုင်းပြပြဖြင့်ရှိနေလေ၏။
      သူ ဆက်လျှောက်လာခဲ့သည်။ မိုးအုံ့နေခဲ့သော နေ့လယ်ပိုင်းမို့ လမ်းလေးထက်တွင် လူရှင်းနေခဲ့သည်။ တစ်ယောက်စ နှစ်ယောက်စဆိုသလို ဘေးနားမှဖြတ်သွားကြသောလူတစ်ချို့က သူ့ကိုအကဲခတ်သလိုမျိုး ကြည့်သွားကြတာ သတိထားမိ၏။ အလိုလိုနေရင်း ပြုံးနေမိသော သူ့မျက်နှာကြောင့်ပဲဖြစ်မည်ထင်ပါသည်။
      သံဇကာကွက်ကျဲကျဲများဖြင့် ခြံစည်းရိုးကျယ်ကျယ်ခတ်ထားသော “မူလတန်းကျောင်း”လေးတစ် ကျောင်းရှေ့ကို သူရောက်လာခဲ့သည်။ ကျောင်းဝင်းတံခါးဝရှိ သစ်သားတံခါးလေးနားမှာရပ်ရင်း အထဲသို့ သူ လှမ်းကြည့်မိ၏။ အုတ်ဖြင့် အယ်လ် (L) ပုံစံဆောက်ထားခဲ့သော တစ်ထပ်ကျောင်းဆောင် ရှည်ရှည်လေးက သူ့မျက်စိထဲတွင် ခါတိုင်းထက်ပိုသေးသွားသည်ဟု....ထင်ရ၏။ နောက်မှ မမြင်ရတာကြာသွားလို့ဖြစ်မည်ဟု ပြန်တွေးမိလိုက်သည်။ သို့သော် ကျောင်းကလေးကို သုတ်ထားခဲ့သည့် ဆေးအဖြူရောင်ကလေးကမူ အရင် ကထက်ပိုပြီး မှေးမှိန်စွာဖြင့် ညစ်ထပ်ထပ်နိုင်နေတာကတော့ အမှန်ပင်...။
       စေ့ရုံသာ စေ့ထားသော ခပ်ယိုင်ယိုင်သစ်သားဝင်းတံခါးလေးကို တွန်းဖွင့်ရင်း ကျောင်းဝင်းအတွင်းသို့ သူဝင်ခဲ့လိုက်သည်။ ကျောင်းရဲ့ အရှေ့ဘက်တွင်ရှိသော မကျဉ်းမကျယ်ကစားကွင်းလေးမှာလည်း ရေများစို နေဆဲဖြစ်တာတွေ့ရ၏။ ကွင်းရဲ့အစပ်ရှိအလံတိုင်လေးအထက်တွင်မူ သိပ်မသစ်တော့သော နိုင်ငံတော်အ လံက မိုးရေများဖြင့် စိုကပ်နေခဲ့တာတွေ့ရသည်။ ထိုနံဘေးမှ သူဖြတ်လျှောက်လာခဲ့လိုက်သည်။ ကျောင်း ဆောင်အစပ် ကော်ရစ်ဒါပေါ်ခြေချမိတော့စောစောကတည်းက သူကြားနေခဲ့ရသော ကျောင်းသားလေးများ ရဲ့ ဆူညံသံ၊ စာဆိုသံတို့ကို ပိုမိုပီပြင်စွာ ကြားလာရသည်။
      “ဟယ်... သား”...
      အလွန်ရင်းနှီးခဲ့ဖူးသောခေါ်သံကြောင့် သူလှမ်းကြည့်မိသည်။ သူနှင့် အနီးဆုံးနေရာတွင်ရှိသော ရုံးခန်း ထဲမှ ထွက်လာသည့် ခန္ဓာကိုယ်ခပ်ဖိုင့်ဖိုင့်နှင့် ဆရာမတစ်ယောက်ကိုတွေ့လိုက်ရ၏။ သူနှင့်အရမ်းရင်းနှီးခဲ့ ဖူးသော ထိုဆရာမရှိရာသို့ ပြုံးပြရင်းလှမ်းသွားလိုက်သည်။ ဆရာမက အားရ၀မ်းသာပြုံးရင်းမေးသည်။
      “ဆရာ့ဆီကို လာတာလားသား”....
      “ဟုတ်ကဲ့ဆရာမ...ဖေဖေရှိရဲ့လားမသိဘူးနော်”...
      ဆရာမရဲ့အမေးကို ခေါင်းငြိမ့်ကာပြန်ဖြေလိုက်ရင်း မေးမိသည်။
      “ရှိတယ်သားရဲ့.... လာ ဆရာမ သားဖေဖေ့အတန်းကိုလိုက်ပို့မယ်..။ မတွေ့ရတာကြာလို့လားမသိဘူး သားက ပိုချောလာသလိုပဲ”....
      ဆရာမရဲ့စကားကြောင့် ရှက်ရွံ့၊ အနေခက်စွာသူရယ်လိုက်မိသည်။ ပါးစပ်မှ ‘ဟုတ်ပါဘူးဗျ’..ဟု ပြန် ပြောရင်း ဆရာမဘေးနားမှနေ လိုက်သွားလိုက်သည်။ ပထမတန်း ဟုရေးထားသော စာသင်ခန်းလေးတစ် ခန်းအရှေ့မှ သူတို့အဖြတ်တွင် အပေါက်ဝနားရှိစားပွဲခုံတွင်ထိုင်နေသည့် ဆရာမတစ်ယောက်ကလှမ်းပြီး....
      “အစ်မရေ... ဧည့်သည်လာတာလား”....
      “ဟုတ်တယ်...ညီမရေ... ဒါ..ဆရာ့သားလေ...၊ ပြည်ပမှာအလုပ်သွားလုပ်နေတာကြာပြီ...။ အခုမှ ပြန် ရောက်လာတာလေ...။ အဲ့ဒါ..အခုသူ့အဖေဆီကို လာလည်တာတဲ့...၊ အိမ်မှာမတွေ့ရတာကျနေတာပဲလေ ဟင်း...ဟင်း”....
     အတန်းထဲက ဆရာမကအပြင်သို့ထွက်လာရင်း....
      “သြော်... အဝေးရောက်နေတဲ့ ဆရာ့သားဆိုတာလား...၊ သားအဖေပြောပြောနေတာတော့ ခဏခဏ ဆိုသလို ဆရာမတို့ကြားဖူးနေတာ..၊ လူကိုတစ်ခါမှ မတွေ့ဖူးခဲ့ပေမယ့် နာမည်ကိုရင်းနှီးနေခဲ့တာကြာပြီသား ရဲ့....၊ ဆရာမက မင်းထွက်သွားပြီးမှ ဒီကျောင်းကို ပြောင်းလာခဲ့တာလေ”...
       “ဟုတ်ကဲ့ပါဆရာမ...၊ ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ”...
      ဖေဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမမို့ ယဉ်ကျေးစွာ သူနှုတ်ဆက်လိုက်မိသည်။ ထိုဆရာမက ပြုံးကာ ခေါင်းငြိမ့်ပြသည်။ ဆက်လျှောက်လာခဲ့ကြတော့ “ဒုတိယတန်း”ဟု ရေးထားသောစာသင်ခန်းရှေ့သို့ သူတို့ ရောက်လာကြသည်။
       “လှည်းဘီးများ ရွှံ့ထဲကျွံနေသောအခါ လှည်းသမားသည် မည်သူ့ကို တိုင်တည်သနည်း”....
       သံနေသံထားဖြင့် မေးလိုက်သော ဖေဖေ့အသံကိုသူကြားလိုက်ရတော့ ပြုံးမိသည်။
       “လှည်းဘီးများရွှံ့ထဲကျွံနေသောအခါ... လှည်းသမားက ရေနတ်မင်းကို တိုင်တည်ပါသည်”...
       သံပြိုင်ဖြေလိုက်ကြသော ကျောင်းသားလေးများရဲ့ အသံကြောင့် သူထပ်ပြုံးမိပြန်သည်။ ကျောင်းသား ငယ်ငယ်လေးများ၏ စာဆိုသံသည် သူ့နားထဲတွင် ချိုမြိန်ဖွယ်ကောင်းသော ဂီတသံစဉ်တေးသွားတစ်ပုဒ်လို ဖြတ်သန်းစီးဆင်းသွားသောကြောင့်သာဖြစ်ပါသည်။
       လိုက်ပို့သောဆရာမက အတန်းဝသို့ဝင်လိုက်ရင်း...
       “ဆရာ... ဒီမှာဘယ်သူရောက်နေသလဲဆိုတာ လာကြည့်ပါဦး”....
       အခန်းဝကို ကျောပေးထားသည့် အနေအထားတွင်ရှိသော ကျောက်သင်ပုန်းအနက်ရောင်ရှေ့မှာ က လေးများကို စာချပေးနေခဲ့သောဖေဖေက သူ့ကိုမြင်သေးဟန်မတူ...။ သို့သော်လည်း ကျောင်းသားလေးများ ရဲ့အကြည့်အားလုံးက အတန်းဝကိုရောက်နေခဲ့တာနှင့်အတူ ခေါ်လိုက်သောဆရာမ၏အသံကြောင့် အတန်း ၀သို့ ထွက်လာသောဖေဖေက သူ့ကိုမြင်တော့...
      “ဟာ... သား..  မိုးတွေရွာနေတာ အိမ်မှာမနေပဲ ဘာဖြစ်လို့ဒီကိုလိုက်လာတာတုန်းကွ”....
      ဟု... အံ့သြစွာဖြင့်ပြုံးရင်းမေးလေတော့သည်။ သူက...‘ပျင်းလို’့... ဟု ခပ်တိုးတိုးပြန်ဖြေတော့ ဖေဖေ က ရယ်၏။ ဟုတ်သည်... အဝေးကြီးမှ အိမ်သို့ခဏပြန်လာရသောသူ့အတွက် အလုပ်လုပ်စရာ မယ်မယ်ရရ မရှိတာမို့ပျင်းနေခဲ့ရတာ အမှန်ပင်...၊ နောက်ပြီး...လုပ်ငန်းခွင်အသီးသီးသွားနေကြသော မေမေ၊ ဖေဖေနှင့် အစ်ကို အစ်မတွေကြောင့် အိမ်တွင်ဘယ်သူမှမရှိ၊ သူပြည်ပမထွက်ခင်က ရှိခဲ့ဖူးသော ငယ်သူငယ်ချင်းတစ် ချို့မှာလည်း အလုပ်ကိုယ်စီနှင့်၊ ရှိသည့် သူငယ်ချင်းတစ်ချို့ကြပြန်တော့လည်း (သူ့ဘက်က ပြည်ပတွင် အ နေကြာလာခဲ့၍ ဘာမှမပြောင်းလဲခဲ့သော်လည်း)စည်းခြားသည့် စကားများကိုဆိုသူဆို၊ ထေ့ငေါ့ချင်သလိုမျိုး စကားတွေပြောရင်း... ရှောင်ဖယ် ရှောင်ဖယ်လုပ်နေတတ်တာမို့ ထပ်တွေ့ဖို့ရာ သူမကြိုးစားချင်မိတော့တာ အမှန်ပင်ဖြစ်၏။ အလည်ပြန်လာသည့် ရက်များအတွင်းတွင် အိမ်မှာ သူတစ်ယောက်ထဲ စာအုပ်ဖတ်နေရ တာ များနေခဲ့ပါသည်။ သူစာအုပ်တွေဖတ်နေပြန်တော့လည်း ဖေဖေကမြင်တိုင်း...“သားရယ်... မင်းမျက်စိ ကို အနားပေးပါဦးကွာ”...ဟုဆိုတတ်ပြန်လေသည်။
       “ကဲ..အခု ဘာလုပ်ဖို့ ဖေဖေ့ကျောင်းကို လိုက်လာရတာလည်း”...
       ပြုံးပြီးမေးသော ဖေဖေ့ရဲ့ အမေးစကားကို မျက်နှာခပ်ပုပ်ပုပ်လုပ်ထားပြီး သူပြန်ဖြေမိ၏။
       “လဖ္ဘက်ရည် သောက်ချင်လို့ လိုက်လာတာ”...
       “ ဟေ”...
      ဖေဖေက အံ့သြရယ်ချင်စွာဖြင့်ရေရွတ်သည်။ နောက် သူတို့သားအဖကို ဘေးနားမှနေပြုံးရင်း ရပ်ကြည့် နေခဲ့သော စောစောကလိုက်ပို့သည့် ဆရာမကိုတစ်ချက်ကြည့်ကာ...
       “အိမ်မှာ တီးမစ်ခ်အထုတ်တွေရှိတယ်လေကွာ... ဖျော်သောက်ရောပေါ့ သားရယ်”...
       “ဟင့်အင်း... ဆိုင်ကဖျော်တဲ့ ပေါ့ဆိမ့်လဖ္ဘက်ရည်ကို ဆိုင်မှာပဲသောက်ချင်တာ”....
       ခေါင်းခါရင်း ဂျစ်တိုက်စွာပြန်ဖြေသော သူ့ကို ဖေဖေကပြုံးရင်းကြည့်ကာ...
       “ဒါဆိုလည်း သွားသောက်ပါလားသားရဲ့... ဘာတုန်း ပိုက်ဆံမရှိလို့လားကွ”....
       ဖေဖေ့အမေးစကားကြောင့် သူခိုးပြုံးလိုက်မိသည်။ ဟုတ်သည်။ ဟိုးအရင်တုန်းအချိန်တွေတုန်းက (သူ ပြည်ပမထွက်ခင် အချိန်တွေတုန်းကဆို) လဖ္ဘက်ရည်ဖိုးမရှိတိုင်းဖေဖေ့ဆီက သူတောင်းနေကျ.....၊ တစ်ခါ တစ်လေအိမ်မှာဆို ဖေဖေ့ကို ပြောပြီး အင်္ကျီအိတ်ထဲကနေ သူကြိုက်သလောက်နှိုက်ယူသွားနေကျ...။ သို့ သော်လည်း အခုသူပြန်လာခိုက်တွင် သုံးချင်ရာသုံးဖို့ဆိုပြီး သူ့ပိုက်ဆံအိတ်အဟောင်းလေးထဲတွင် မေမေ ထည့်ထားပေးသော ပိုက်ဆံအချို့ရှိနေခဲ့သော်လည်း...ဖေဖေ့ရှေ့တွင်လက်ဝါးဖြန့်လိုက်ပြီး...
        “ဟုတ်တယ်... ပေး”....
      “ဟုတ်ဘူးဗျ... သားတစ်ယောက်ထဲမသောက်ချင်ဘူး...။ အဲ့ဒါကြောင့် ဖေဖေနဲ့ အတူတူသွားထိုင်ချင် လို့ ကျောင်းအထိလိုက်လာပြီးခေါ်တာဗျ... သိပြီလား”....
      သူ့စကားကြောင့် ဘေးနားတွင်ရပ်ကြည့်နေသောဆရာမက..ဟက်ဟက်ပက်ပက်ရယ်လေတော့သည်။ ဖေဖေကလည်းရယ်ရင်း...
      “ဟာ... သားရယ်... ဒီမှာကျောင်းမဆင်းသေးဘူးလေကွာ...၊ ညနေသုံးနာရီမှဆင်းမှာလေ..၊ အခုမှနှစ် နာရီကျော်ကျော်လေးပဲရှိသေးတာလေကွာ”....
       “လိုက်ပို့လိုက်ပါဆရာရယ်...။ ဆရာ့အတန်း ကျွန်မတို့ကြည့်ထားလိုက်ပါ့မယ်...ဆရာ့သားလေး သနား ပါတယ်ရှင်”....
       ဘေးနားမှ ဆရာမက သူတို့သားအဖကိုကြည့်ပြီးမနေနိုင်တော့သလိုဝင်ပြော၏။ အတန်းထဲမှကလေး လေးများကတော့ သူတို့တွေကိုကြည့်ကာ ကြွက်စီ... ကြွက်စီနှင့်ဖြစ်နေကြသည်။ သူက...
      “ဟုတ်ပါတယ်ဗျ... သားကလည်းကျောင်းဆင်းမှ ဖေဖေနဲ့အတူတူသွားဖို့ ကြိုပြီးလာတာပါ... အခုလော လောဆယ်သွားမှာ မဟုတ်သေးပါဘူးဗျ”....
      “ဘာတွေဖြစ်နေကြတာလည်း ဒီသားအဖတွေ”...
      စောစောကအတန်းဝမှာ သူ့ကိုနှုတ်ဆက်ခဲ့သော ဆရာမက အနားသို့ရောက်လာရင်းမေးခြင်းဖြစ်လေ ၏။ ဖေဖေက ရယ်ရင်း...
      “ဒီမှာဗျာ... ကျွန်တော့်ကို လဖ္ဘက်ရည်ဆိုင်သွားချင်တယ်ဆိုပြီး လာဂျီကျနေလို့ဗျ...။ သူ့အရွယ်ကြီးနဲ့ လည်း မုန့်ဖိုးတောင်းနေသေးတယ်လေဗျာ...။ ဒါကျွန်တော်ပြောပြောနေတဲ့ ကျွန်တော့်သား အငယ်ဆုံးလေ ဆရာမ”....
       “သိပြီးပါပြီရှင်...စောစောက တွေ့ပြီးသားပါ...၊ ဆရာပြောပြောနေတဲ့ ဆရာ့သားက အပြင်မှာတွေ့ရ တော့ တစ်ကယ့် လူငယ်လေးလိုပဲနော်”....
      ထိုဆရာမက ခေါင်းစွပ်မိုးကာသားဂျာကင် အနက်ရောင်၊ အောက်ခံတီရှပ်အဖြူ၊ နောက် ဒူးခေါင်းနားအ ထိသာရှည်သော ရှော့ပင်န်လေးနှင့်အတူ အောက်က ကွင်းထိုးဖိနပ်အကြီးကြီးကို ၀တ်ထားသော ပိန်ပိန်ပါး ပါးနှင့်သူ့ကိုကြည့်ရင်းပြော၏။ ဖေဖေက ပြုံးကာခေါင်းငြိမ့်ပြရင်း သူ့ကိုကြည့်ကာ...
     “သား..မင်းက မိုးရွာခါနီးကို ထီးလည်းမယူလာဘူး...၊ နောက်ပြီး ဘောင်းဘီတိုလေးနဲ့ အအေးမိနေပါဦး မယ်ကွာ...၊ မင်းအမေသိရင် ဖေဖေ့ကို ဆူနေဦးမယ်ကွာ..၊ နေဦး ဒီကိုဘာနဲ့လာတာလဲ”...
     “ဆိုက်ကားနဲ့လာတာ...၊ ဒီလမ်းထဲကိုဆိုက်ကားဝင်မရလို့ လမ်းလျှောက်လာတာလေ”...
      “အေး..အေး..၊ ဒါဆိုခဏစောင့် မိနစ်သုံးဆယ်လောက်ဆိုကျောင်းဆင်းတော့မှာပါကွာ...၊ အဲ့ဒီကျမှ အ တူတူသွားကြတာပေါ့..၊ ဖေဖေလိုက်ပို့မယ်”...
      “ဟုတ်”....
      သူနာခံစွာ ခေါင်းငြိမ့်လိုက်ပါသည်။ အသက်နှစ်ဆယ့်ခုနှစ်နှစ်နီးပါးဖြစ်နေခဲ့ပေမယ့် ဖေဖေ့ကိုသူဆိုးရ တာမရှက်ပါ...။ သို့သော် တစ်စိမ်းများရှေ့တွင်မူ သူဆင်ခြင်သင့်သည်ထင်မိ၏။
      ကျောင်းသားလေးတစ်ယောက်ယူလာပေးသော သစ်သားခုံလေးကို ဖေဖေ့အတန်းအပြင်ဘက်ရှိ ကော် ရစ်ဒါမှာချပြီး သူထိုင်ချလိုက်မိသည်။ စောစောက ဆရာမနှစ်ယောက်က သူ့ကိုပြုံးပြနှုတ်ဆက်ခဲ့ပြီး အတန်း ရှိရာသို့ပြန်သွားကြလေ၏။ ဖေဖေက သူ့ပခုံးကိုတစ်ချက်ပုတ်ရင်း စာဆက်သင်ရန် သူ့အတန်းထဲကိုပြန်ဝင် သွားသည်။
     “ကဲ..ပြန်စမယ်...၊ ရေနတ်မင်းက လှည်းသမားကို မည်သို့ပြောလိုက်သနည်း”....
     “ရေနတ်မင်းက လှည်းသမားအား... ဟယ်လူပျင်း..လှည်းကို ရှေ့သို့ရွေ့အောင် သင်ကိုယ်တိုင်”....
      ဖေဖေ့ရဲ့ မေးခွန်းအဆုံးတွင် ကျောင်းသားလေးများ၏ ပြိုင်တူညီညာစွာပြန်ဖြေလိုက်သော စာအံသံက လေးများကို သူနားထောင်ရင်း ကျောင်းဝင်းအတွင်းမှာစိုက်ပျိုးထားခဲ့သည့် ကုက္ကိုလ်ပင်၊ ခရေပင်၊ အုန်းပင် စသည်တို့ လေတိုက်တိုင်း ယိမ်းနွဲ့နေခဲ့ကြတာကို သူငေးရင်း တွေးနေမိခဲ့သည်။ ဖေဖေသည် သူ့အတွက် ဖ ခင်တစ်ယောက်တင်သာမက သူ့ရဲ့ သင်ဆရာလည်းဖြစ်ခဲ့ဖူးတဲ့ အကြောင်းများကိုပင်ဖြစ်၏။
      ဟုတ်သည်...၊ သူ့ဖေဖေသည် ငယ်ငယ်တုန်းက သူတက်ခဲ့ရသည့် မူလတန်းကျောင်းလေးတစ်ခုတွင် လည်း အခုလိုမျိုး မူလတန်းပြဆရာအဖြစ်ရှိနေခဲ့ဖူးသည်။ ငယ်ငယ်က ကျောင်းသွားတိုင်း ဖေဖေ့ရဲ့မောင်ဗ မာစက်ဘီးကယ်ရီယာနောက်ကနေ ထိုင်ရင်းကျောင်းလိုက်တက်ခဲ့ရတာတွေကို မှတ်မိနေသေးသည်။ တစ် ခါတစ်လေ ကျောင်းမှအပြန် လဖ္ဘက်ရည်ကြိုက်တတ်သောဖေဖေက သူကြိုက်သောလဖ္ဘက်ရည်ဆိုင်သို့ဝင် ပြီးလဖ္ဘက်ရည်သောက်တိုင်း... အောက်ခံပန်းကန်ပြားလေးထဲသို့ သူသောက်မည့်ခွက်ထဲမှ လဖ္ဘက်ရည်များ ကို နည်းနည်းချင်းထည့်ကာ အေးအောင်မှုတ်ပြီးတိုက်ခဲ့တာတွေကိုလည်း မှတ်မိနေပါသေးသည်။
      ကော်ရစ်ဒါမှ လှမ်းမြင်နေရသော မိုးကောင်းကင်တွင် မိုးသားများဖြင့်ပိုမိုညို့မှိုင်းစွာဖြင့် လေများတိုက် ခတ်လာတာ သူသတိထားမိလိုက်ပြန်သည်။ ကလေးငယ်လေးများရဲ့ စာအံသံက လေစီးကြောင်းထဲမှတစ် ဆင့် မိုးကောင်းကင်ယံထက်သို့ လျှံတက်သွားတော့မယောင်ပင်...။
     ဖေဖေ့အကြောင်းသူဆက်တွေးနေမိလိုက်သည်။ ထိုစဉ်ကဖေဖေစာသင်သော မူလတန်းကျောင်းက လေးတွင် သူငယ်တန်းမှ လေးတန်းအထိသူတက်ခဲ့ရတာမှန်သော်လည်း... စတုထ္ထတန်းရောက်မှ ဖေဖေ့အ တန်းတွင် သူတက်ခွင့်ရခဲ့သည်။ ကိုယ့်အဖေအတန်းမှာ တက်ရတာဖြစ်ပေမဲ့ အခွင့်အရေး ဘာမှပိုမရခဲ့ပါ...။ အခွင့်အရေးမရတဲ့အပြင် မှတ်မှတ်ရရပင်ရိုက်ခံထိခဲ့ဖူးလေသည်။ မုန်းစားကျောင်းဆင်းခါနီး ကစားချင်နေ တဲ့စိတ်များဖြင့် မလှမပရေးထားသော သူ့စာအုပ်ကို တစ်ခြားကျောင်းသားများရဲ့စာအုပ်နှင့်အတူ အမှတ် ခြစ်နေခဲ့သောဖေဖေက ကြောင်ချီးလက်ရေးဖြစ်နေသော သူ့စာအုပ်ကို အနားသို့ခေါ်ပြရင်း လက်ဖ၀ါးကိုနာ အောင် ကြိမ်လုံးသေးသေးလေးဖြင့် ခပ်စပ်စပ်လေးရိုက်တာကိုပင် ခံခဲ့ရသည်။ နောက် စာရေးတာ အရမ်း ကြီးမလှရင်နေပစေ... သူများဖတ်လို့ရအောင် ရှင်းရှင်းလင်းလင်းရေးရတယ်ကွ...ဟု ဆိုခဲ့သော ဖေဖေ့ရဲ့စ ကားများက သူ့နားထဲမှမထွက်ခဲ့ရတာ အခုအချိန်အထိ...။
      နောက် သူအတန်းကြီးလာတဲ့အထိဖေဖေ့ရဲ့မူလတန်းပြကျောင်းဆရာဘ၀လေးက အရင်အတိုင်းပဲ မ ပြောင်းလဲခဲ့...။ တစ်ခါတစ်လေ ဖေဖေ့မိတ်ဆွေဆရာ၊ ဆရာမများက အလယ်တန်းပြ၊ အထက်တန်းပြ၊ ကျောင်းအုပ် စသည့်ရာထူးအသီးသီးတိုးသွားအောင် သူ့နည်းသူ့ဟန်များဖြင့် ကြိုးစားသွားကြသောအခါ၊ ဖေ ဖေ့ကိုလည်း တိုက်တွန်းစကားတွေဆိုတတ်ကြသောအခါ ပြုံးနေတတ်သောဖေဖေကိုကြည့်ရင်း တစ်စုံတစ်ခု ကို အခုတော့ သူနားလည်လာခဲ့မိခဲ့ရ၏။ ကလေးလေးတွေကို အခြေခံမူလတန်းမှစပြီး စာသင်ပေးရတာကို ပျော်နေတတ်သော ဖေဖေရယ်လေ...။
      “ကဲ.... ကိုယ့်ပစ္စည်းတွေကိုယ် စုံအောင်စစ်ပြီးသိမ်းမယ်ဟေ့...၊ ကျောင်းဆင်းခါနီးပြန်စစ်ကြပါ”....
       ဖေဖေ့ရဲ့ သတိပေးစကားနှင့်အတူ ကျောင်းသားလေးများရဲ့ ဆူညံသံလေးများကို သူကြားရပြန်လာမိ ၏။ သူငယ်ငယ်တုန်းကလည်း... ကျောင်းမှအပြန်လွယ်အိတ်ကို စစ်စေခဲ့တာ...၊ သူများပစ္စည်းကိုမှားပါလာ ခဲ့လျှင် နောက်နေ့ပြန်ပေးခိုင်းတတ်တာတွေ...၊ သူများပစ္စည်းကို မမက်မောတတ်စေဖို့ လမ်းပြပေးခဲ့သော ဖေဖေ့ကျေးဇူးများကြောင့် (ဘယ်သူမှမသိနိုင်ခဲ့သည့်) ရိုးသားမှုတစ်ခုက အခုအချိန်ထိ သူ့ရင်ထဲတွင် အမြစ် တွယ်နေခဲ့ဆဲပင်...။
      “ကဲ...သား... ထတော့ ကျောင်းဆင်းပြီကွ.. ဖေဖေတို့သွားကြမယ်လေ”...
      “ဟုတ်ကဲ့”....
      ကျောင်းသားလေးများကြားမှ သူတို့သားအဖနှစ်ယောက် ကျောင်းဝင်းထဲမှထွက်ခဲ့ကြတော့ ဆရာမတစ် ချို့က ပြုံးကြည့်ကျန်နေခဲ့ကြ၏။ မိုးသက်လေတစ်ချက်ဝေ့စွာတိုက်ခတ်လာပြန်တာမို့ ဖေဖေ့ပခုံးကို သူလှမ်း ဖက်လိုက်မိပါသည်။ ဖေဖေက ပြုံးနေရင်း...
      “ချမ်းလို့လားသားရဲ့”....
      “ဟုတ်ကဲ့”...
      “ဟေ့ကောင်တွေ...မဆော့ကြနဲ့ကွ...ချော်လဲမယ်မင်းတို့...၊ တော်ကြာမိုးရွာတော့မှာ မြန်မြန်ပြန်ကြဦး နော်..၊ လမ်းမှာ လျှောက်ဆော့မနေကြနဲ့ဦး”....
       သူနှင့်လမ်းလျှောက်နေရင်း အနားမှာလျှောက်နေကြသော ကျောင်းသားလေးများကို ဖေဖေက စိုးရိမ် စွာ လှမ်းအော်ပြောနေပြန်လေသည်။ ကလေးလေးများက...‘ဟုတ်ကဲ့ပါ ဆရာကြီး’...ဟု လက်ကလေးများ ကိုပိုက်ရင်းပြန်ဖြေသွားကြတာတွေ့ရတော့ သူ့ရင်ထဲတွင်ကြည်နူးမိ၏။ အဲ့ဒါကြောင့် ဖေဖေမူလတန်းပြဆရာ ကြီးဘ၀မှ မပြောင်းလဲချင်တာလည်း ဖြစ်မည်လားဟု .... မရေမရာတွေးလိုက်မိသေးသည်။
      လဖ္ဘက်ရည်ဆိုင်ရောက်တော့ သူတို့သားအဖနှစ်ယောက်လဖ္ဘက်ရည် အတူတူသောက်ကြစဉ်... ဘူးထဲ မှ စီးကရက်တစ်လိပ်ကို သူထုတ်သောက်တော့ ဆေးလိပ်မသောက်တော့ပြီဖြစ်သောဖေဖေက...
      “သားရယ်... မင်းဆေးလိပ်တွေ အရမ်းမသောက်နဲ့နော်”...
      “ဟုတ်ကဲ့ပါ... ဖေဖေရဲ့”...
       စိုးရိမ်ပူပန်စွာဖြင့်ပြောသောစကားမို့ သူသေချာခေါင်းငြိမ့်ကတိပေးလိုက်မိပါသည်။ နောက်ပြီးတော့ လည်း သူတက္ကသိုလ် ပထမနှစ်စတက်တော့ ဆေးလိပ်စသောက်ခဲ့တာကို တစ်ချက်လွှတ်အမိန့်သုံးကာ အ တင်းအကျပ်မတားမြစ်ခဲ့ပဲ မကောင်းတာကိုသိပေမယ့် လုပ်ချင်နေတယ်ဆိုရင် အတိုင်းအတာတစ်ခုအထိပဲ ကောင်းတယ်... ဟု သတိပေးခဲ့တာကို မှတ်မိနေပါသေးသည်။
      လဖ္ဘက်ရည်ဆိုင်ထဲမှ စားပွဲခုံသေးသေးလေးတွင် နှစ်ယောက်ပူးပြီး ဘေးချင်းယှဉ်လျှက်ထိုင်နေခဲ့ကြ သော သူတို့ သားအဖကို ဆိုင်အတွင်းရှိတစ်ချို့ဝိုင်းများမှ အထူးအဆန်းလိုကြည့်နေကြတာ သူသတိထားမိ ၏။ သူအလုပ်လုပ်သောနိုင်ငံရဲ့အကြောင်းများ၊ လုပ်ငန်းခွင်ရဲ့အကြောင်းများကို ဖေဖေက ခပ်တိုးတိုးဖြင့်ပြုံး ပြီးမေးသောအခါ သူပြန်ဖြေလိုက်တိုင်း ကျေနပ်ခြင်းရောင်စဉ်တွေလက်ပနေသော ဖေဖေ့ရဲ့မျက်ဝန်းများက တစ်လက်လက်ဖြင့်ရှိနေခဲ့သည်။ ဒီလိုမျက်လုံးတွေဖြင့် သူ့ကို လွန်ခဲ့သည့် ဆယ့်ငါးနှစ်လောက်ကတည်းက ဖေဖေကြည့်ခဲ့ဖူးတာ မှတ်မိသည်။ သူဆယ်တန်းကျောင်းသားဘ၀က ညဥ့်နက်ပိုင်းအထိစာကျက်နေတတ် သောသူနှင့် မလှမ်းမကမ်းတွင် ရေနွေးကြမ်းဓါတ်ဘူးတစ်လုံးဖြင့် ရေနွေးထိုင်သောက်ရင်း ...ဘယ်လောက် ပဲ ညဥ့်နက်နေနေ ထိုင်စောင့်ပေးခဲ့တာတွေ....၊ နောက် အိပ်သင့်ပြီလို့ တိုက်တွန်းပြောခဲ့တာတွေ...၊ ထိုစဉ် က သူ့ကိုကြည့်ခဲ့သော မျက်လုံးများနှင့်အတူတူပင်...၊။ သို့သော် အခုတော့ သူ့ကိုကြည့်သောမျက်လုံးများထဲ တွင် အားကိုးခြင်းများလည်း ယှက်သန်းနေခဲ့တာကို သူသတိထားမိတော့ ပိုကြိုးစားဖို့ တိတ်တိတ်လေးကျိတ် ဆုံးဖြတ်ထားလိုက်မိပါသည်။ နောက်ဆယ်တန်းစာမေးပွဲဖြေတော့ သူကိုယ်တိုင်လိုက်ပြီး (ငယ်ငယ်တုန်းက စီးခဲ့ရတဲ့ စက်ဘီးအိုလေးပေါ်တင်ကာ) စာမေးပွဲဖြေရမည့်ကျောင်းကို လိုက်ပို့ခဲ့တာတွေကိုလည်း သူဘယ် တော့မှ မေ့နိုင်ခဲ့မှာ မဟုတ်တာသေချာလှပါသည်။
        “ကဲ... သားရေ...ပြန်ကြရအောင်ကွာ...၊ မိုးတွေရွာလာပြီကွ...၊ မင်းအအေးမိနေလိမ့်မယ်..။ နောက် ပြီး မင်းအမေက သူအိမ်ပြန်လာတဲ့အချိန် မင်းကိုမတွေ့ရင် ဖေဖေ့ကိုဆူနေဦးမယ်ဟ.. ဟား... ဟား”....
       ဖေဖေ့ရဲ့ရယ်သံနှင့်အတူ သူလည်းလိုက်ရယ်မိသည်။ သူတို့ သားအဖ လဖ္ဘက်ရည်ဆိုင်အိုအိုလေးထဲမှ ထွက်ခဲ့တော့ ဆိုင်အပြင်ဘက်တွင် မိုးများသည်းထန်စွာ ရွာသွန်းနေခဲ့ပြီဖြစ်ပါသည်။ ဖေဖေက သူ့ကချင် လွယ်အိတ်အဟောင်းလေးထဲမှ ခိုတံဆိပ် ခေါက်ထီးအနက်ရောင်လေးကိုထုတ်ပြီးဖွင့်ပေးလာတာကြောင့် သူ လှမ်းယူလိုက်ရင်း ဖေဖေ့ပခုံးကို အသာဖက်ကာ ထီးမိုးပေးလိုက်သည်။ မိုးရေစက်များ သည်းထန်စွာကျ ဆင်းနေခဲ့သော လမ်းမလေးထက်တွင် သူနှင့်ဖေဖေတို့နှစ်ယောက် ထီးကလေးတစ်ချောင်းအောက်တွင် အ တူတူခိုလှုံရင်း အိမ်အပြန်လမ်းကိုခြေလှမ်းစ,နေမိခဲ့ကြပါသည်။ မိုးသက်လေကြောင့် အပြင်ဘက်တွင် ချမ်း နေခဲ့ရသော်လည်း ဖေဖေ့ကို ဖက်ထားရသောကြောင့် သူ့ရင်ထဲ...၊ နောက် စိတ်တွင် နွေးထွေးနေခဲ့မိသည်။ ဖေဖေလည်း သူ့လိုပဲရှိနေမှာသေချာပါသည်။ ပြုံးနေခဲ့သော ဖေဖေ့မျက်လုံးနှင့် နှုတ်ခမ်းများက သက်သေခံ နေတာကို သူမြင်နေရလို့ပဲဖြစ်ပါသည်။
                                                      @@@@@@@
      တွေးနှင့်လျှောက်လာခဲ့သောသူ၊ ဘေးနားမှနေဝေါခနဲဖြတ်သွားသော ဆိုင်ကယ်သံကြောင့် လက် ရှိသူကျင်လည်နေခဲ့ရသောပတ်ဝန်းကျင်ကို သူပြန်ရောက်လာခဲ့ရသလိုမျိုးဖြစ်သွားရသည်။ ရှေ့တွင် သူတို့ နေသောတိုက်ခန်းများကိုပင် လှမ်းမြင်နေရလေပြီဖြစ်၏။ သို့ရာတွင် မီးပွိုင့်လေးတစ်ခုကို သူဖြတ်ကူးရပေဦး မည်။ မီးပွိုင့်လေးမှ အချက်ပြမီးကို လမ်းကူးရန်အတွက်စောင့်နေစဉ်.. ပြီးခဲ့တဲ့ရက်က အမိမြေရှိသူ့အိမ်ကို ဖုန်းဆက်တုန်း ဖေဖေပြောခဲ့သော စကားလေးကိုပြန်သတိရမိတော့ ပြုံးမိလိုက်သည်။ ဖေဖေပြောသော စ ကားလေးမှာ အခြားတော့မဟုတ်...“သား... ကားလမ်းကူးရင်ကြည့်ကူးနော်”... ဆိုသည့်စကားလေးပဲဖြစ်ပါ သည်။ ဒီအရွယ်ကြီးရောက်နေခဲ့တဲ့သူ့ကို ကလေးလေးတစ်ယောက်လို စိတ်ပူပန်စွာဖြင့် ချစ်ခင်နေနိုင်သေး တဲ့ ဖေဖေရယ်လေ...။ ဘယ်တော့မှ ညှိုးနွမ်းမသွားနိုင်သည့် ပန်းကလေးတစ်ပွင့်နှင့်တူသော ဖေဖေ့ရဲ့ မေ တ္တာတရားများက သူ့အတွက်တော့ “မညှိုးပန်း” လေးတစ်ပွင့်လိုပဲဖြစ်နေခဲ့ရပါသည်။
                                                  @@@@@@@
     မီးပွိုင့်လေးကို ကားတွေအကုန်ရှင်းမှ သူဖြတ်ကူးမိသည်။ သူ့ပတ်ဝန်းကျင်မှ မိုးသက်လေထဲတွင်ဘယ် သူမှမမြင်နိုင်သည့် “မညှိုးပန်း”ရနံ့လေးကလွင့်ပျံ့နေဆဲဖြစ်တာကို သူတစ်ယောက်ထဲခံစားမိရင်း ရှေ့ဆက် လျှောက်ရမည့် လမ်းကို တည့်မတ်စွာ လျှောက်နေမိခဲ့၏။            ။
                                                  @@@@@@@
===========================================================
အငြိမ်းစားမူလတန်းပြကျောင်းဆရာကြီး ဖေဖေ့ရဲ့ ဒီဇင်ဘာ (၂၅)ရက်နေ့က ကျရောက်ခဲ့သော (၆၂)နှစ် မြောက်မွေးနေ့အတွက် အမှတ်တရအဖြစ်.... ၂၀၀၇ဇူလိုင်လတုန်းက အိမ်ခဏပြန်ဖြစ်တုန်း ဖေဖေနှင့်အ တူ လဖ္ဘက်ရည်ဆိုင်ထိုင်ခဲ့ရတဲ့ အဖြစ်လေးကို ခံစားရေးဖွဲ့ထားတာပါခင်ဗျာ....။      ။
===========================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
Saturday, December 19, 2009
ကိုယ့်အလှည့်...
“ဟယ်လို... မောနင်း... ချစ်သူ”...
  မနက်စောစောစီးစီး ညဆိုင်းအလုပ်ဆင်းရာမှ အိမ်ပြန်တော့မည့်ကျွန်တော်...၊ နှုတ်ဆက်သံကြားလို့ လှမ်း ကြည့်မိတော့ ကျွန်တော်တို့ဌာနမှ ဒီနိုင်ငံသူ အင်ဂျင်နီယာမလေးကိုတွေ့လိုက်ရသည်။
   သူတို့ရဲ့ယဉ်ကျေမှု၊ ဓလေ့ထုံးစံအတိုင်းခေါင်းတွင် ခေါင်းစည်းပုဝါလှလှလေးဖြင့် (ဆံပင်များမပေါ်အောင်) သပ်သပ်ရပ်ရပ် ဖုံးအုပ်ချည်နှောင်ထားသော သူမကိုပြန်ကာ လက်ပြနှုတ်ဆက်ခဲ့လိုက်ရင်း... စက်ရုံအပြင် ဘက်သို့ ခြေချမိခဲ့သည်။ သို့သော်လည်း ကျွန်တော့စိတ်ထဲတွင် ရယ်ချင်နေမိသည်။ ကြည့်ဦးလေ...သူနဲ့ ဘာမှမဆိုင် တဲ့ သာမန်လုပ်ဖော်ကိုင်ဖက် သူစိမ်းယောက်ျားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို သူမ ခေါ်ပုံကြီးက....
   “ချစ်သူ”...တဲ့...။ ပြီးတော့လည်း သူတို့ဘာသာစကားမဟုတ်တဲ့ မြန်မာစကားကို ပြောပုံကလည်း နားထဲ မှာ ထော်လော်ကန့်လန့်ကြီးဖြစ်၏။ “ချစ်သူ”...ဟု..သူမက ခေါ်သော်လည်း...ကျွန်တော့်နားထဲတွင်ကြားမိ တာက..... “ချီးသူ”....။ လေယူလေသိမ်းကွာခြားတာကြောင့်ပင်ဖြစ်မည်..ဟုတွေးမိသည်။ လွန်ခဲ့တဲ့ လက တည်းက သူမ ကျွန်တော့်ကို အဲ့သလို ခေါ်နေခဲ့တာ...။ ကျွန်တော်က “နင်...ငါ့ကို “ချစ်သူ”..လို့ မခေါ် နဲ့...၊  အဲ့ဒါ ဘာအဓိပ္ပါယ် လည်းဆိုတာ...နင်သိလို့လား”.... ဟု မေးခဲ့တော့ သူမက....
    “သိသားပဲ...၊ “ချစ်သူ”...ဆိုတာ..“ဒါလင်” လိုမျိုး အဓိပ္ပါယ်ဆိုတာ..၊ နင်ကငါခင်တဲ့ သူငယ်ချင်းမို့လို့ ခေါ် တာပါဟယ်”..ဟု ရယ်ကာမောကာဖြင့်ရှင်းပြတာကို နားထောင်ခဲ့ရသေး၏။ “ဘယ်သူ...သင်ပေးတာလည်း” ဟု ကျွန်တော်မေးတော့ သူမက အားရပါးရ ရယ်ရင်း ကျွန်တော့်သူငယ်ချင်းတစ်ယောက်နာမည်ကို ပြောပြ ခဲ့သေးသည်။ နောက်သူမက... “ငါက နင်တို့ကို မြန်မာလို ခင်ခင်မင်မင်..ခေါ်ချင်လို့ပါဟယ်”...ဟု ပြောခဲ့ဖူး သေးတာအမှတ်ရမိသည်။ ဟုတ်သည်...၊သူမအဲ့ဒီလိုခေါ်တာ ကျွန်တော့်တစ်ယောက်တည်းကိုတော့ မဟုတ် ၊ သူမခင်မင်သည့် ကျန်သော မြန်မာလူမျိုးများကိုလည်း ထိုသို့ပင်ခေါ်တတ်တာ တွေ့ရ၏။ သို့သော်လည်းသူ မ အဲ့ဒီလို ခေါ်လိုက်တိုင်း ကျွန်တော့်နားထဲတွင် ကြားရသော လေသံကြီးက တစ်မျိုးကြီးမို့ ရယ်ချင်မိတာ အ မြဲပင်...။ တစ်ဆက်တည်း ကျွန်တော်တို့ ဒီကိုရောက်ကာစတုန်းက အဖြစ်အပျက်လေးတစ်ချို့ကိုလည်း ပြန် တွေးမိလာတော့သည်။
@@@@@@@@@
     ကျွန်တော်တို့ ဒီကိုရောက်ကာစတုန်းက (လွန်ခဲ့သည့် ခြောက်နှစ်နီးပါးကာလတုန်းက) အလုပ် လုပ် ရတဲ့စက်ရုံမှာ ပထမဦးဆုံးမြန်မာလူမျိုးများမို့ အားလုံးရဲ့ အထူးအဆန်းဖြစ်စွာ စိတ်ဝင်စားမှုကို အနည်း နှင့်အများ ခံစားခဲ့ရဖူးသည်။ သူတို့ ဘာသာစကားကို လုံးဝဥဿုံ မပြောတတ်သောကျွန်တော့်ထံတွင် မြန်မာပြည်ရဲ့အကြောင်းများကို စပ်စုကြသည်။ ထိုအခါများတွင် “တောက်တဲ့၊ ခွေးအ”...စသည်တို့ လှည်း နင်းရာမှ ထွက်ပေါ် လာတတ်သော အသံများထက်ဆိုးရွားသည့် မတောက်တခေါက် အင်္ဂလိပ်စကားဖြင့် ကျွန်တော့်မှာ ကြိုးစား ၍ရှင်းပြခဲ့ရဖူးတာ...မှတ်မိနေခဲ့သေးပါသည်။
     တစ်နေ့ ကျွန်တော့် ဌာနမှ အရည်အသွေးစစ်ဆေးသော ဒီနိုင်ငံသူကောင်မလေးက ကျွန်တော့်ထံတွင် မြန်မာစကားသင်ပါသည်။ သူသင်သည်မှာ တစ်လုံးတည်း...။ " I hate you"...ဆိုတာကို မြန်မာလိုမျိုးဘယ် လိုပြောသလဲ... ဟု။ ကျွန်တော်က... “မင်းကို... ငါမုန်းတယ်”...ဟု သင်ပေးလိုက်ပါသည်။ ထိုအခါ သူမက ပါးစပ်မှနေပြီး “မင်း... ရို... ရာ... မွန်း... ဒယ်”...ဟု တစ်လုံးချင်း ဆီမန်းမန်းသလို ရွတ်နေလေတော့၏။
     ကျွန်တော့်စိတ်ထင် တစ်ပတ်လောက်အကြာတွင်ဖြစ်၏။ ကျွန်တော်နှင့် ထိုကောင်မလေး အတူတူတွဲ၍ အလုပ်လုပ်နေသော စားပွဲခုံသို့ တစ်ဌာနတည်းမှ ဒီနိုင်ငံသား ကောင်တစ်ကောင်ရောက်လာပါသည်။ ထို့ နောက် ကျွန်တော့်ကိုမျက်စိတစ်ဖက်မှိတ်ပြကာ ထိုကောင်မလေးကို ပြီတီတီမျက်နှာထားဖြင့် ငုံ့ကိုင်းကြည့် ကာ... အလုပ်လုပ်နေသော စားပွဲပေါ်တွင် လက်ထောက်ပြီး....
     “မင်းရို... ရာချီးတယ်”... ဟု...မတိုးမကျယ်လေး...ပြောလိုက်ပါသည်။ ကျွန်တော်တို့နှစ်ယောက်စလုံးအ တူကြားလိုက်ရတာမို့ အံ့သြစွာဖြင့် ထိုကောင်ကို ကျွန်တော်မော့ကြည့်မိသည်။ ဟုတ်သည်လေ...၊ အဲ့ဒီနိုင်ငံ သားပြောတာ ကျွန်တော်တို့ မြန်မာစကားပဲကိုး...။ အသံမပီပေမယ့် “မင်းကို...ငါချစ်တယ်”...လို့ပြောမှန်းသိ လိုက်တာကြောင့်ပင်...။
      ထိုအခါ ကျွန်တော့်ဘေးမှ ကောင်မလေးကလည်း... အားကျမခံ ပက်ခနဲပြန်ပြောလိုက်ပါသည်။ “မင်း.. ရို ရာမွန်း ဒယ်”...ဟု...။ မျက်စောင်းပါထိုးလိုက်သေး၏။ ကျွန်တော့်မှာ မြန်မာစကားဖြင့် အတိုင်အဖောက် ညီနေကြသော သူတို့နှစ်ယောက်ကိုကြည့်ရင်း..တစ်ခွိခွိဖြစ်နေခဲ့ရဖူးသည်။ နောက် ကျွန်တော်က ထိုကောင် မလေးကို “သူဘာပြောတာလဲဆိုတာ...နင်သိလို့လား”..ဟုမေးတော့ ခေါင်းခါပြ၏။ “ဒါပေမယ့် သူငါမကြိုက် တာ တစ်ခုခုလာပြောတာတော့ သိတယ်”...ဟု ဆိုသည်။ မိန်းကလေးများ၏ မွေးရာပါအရေအချင်းများလား ဟု တွေးမိခဲ့သေးသည်။ ဟို ကောင်ကလည်း..ဘယ်ကနေများ သင်လာတယ်မသိ...။ ကျွန်တော်က မနေနိုင် စွာ မီးမြိုက်ခံထားရသည့် ခရမ်းသီးတစ်လုံးလို ရှုံ့မဲ့၊ လိမ်တွန့်သွားသည့် မျက်နှာထားဖြစ်သွားရှာသော အဲ့ဒီ ကောင်ကိုလည်း...“သူ ဘာပြန်ပြောတာလည်းဆိုတာ... မင်းနားလည်လို့လား”...ဟု သိချင်စွာမေးတော့ “မ သိဘူး”...ဟု ပြန်ဖြေရင်းခေါင်းခါပြရှာပါသည်။ “ဒါဆို... မင်းမျက်နှာက ဘာဖြစ်လို့ မဲ့နေတာလည်း”...ဟုရေ လာမြောင်းပေးစကားဖြင့် ကျွန်တော်ကမေးတော့ “သူ... ငါ့ကို လက်မခံချင်တာတော့ ငါသိတယ်လေ”...ဟု ပြန်ပြောခဲ့၏။ အင်း... ဒါလည်း ယောက်ျားလေးတွေရဲ့ မွေးရာပါ အရည်အချင်းတစ်ခုပင် ဖြစ်မည်ထင်ပါ၏။
      ဘာပဲပြောပြော ကျွန်တော်ကတော့ မျက်စိရှေ့တွင် မြန်မာစကားကို အချီအချညီညာစွာဖြင့် တစ်ဦးနှင့် တစ်ဦး နားမလည်ပါးမလည်၊ တစ်ဦးဆိုလိုတာကို တစ်ယောက်က အဓိပ္ပာယ်မသိစွာ ပြောနေခဲ့ကြသော သူ တို့နှစ်ယောက်ကိုကြည့်ရင်း... အတောမသတ်နိုင်အောင် ရယ်မိခဲ့ဖူးပါသည်။
                                                 @@@@@@@@@@
      နောက်တစ်ကြိမ်ကတော့ နည်းနည်းပြင်းထန်ပါသည်။ တစ်နေ့မနက် ကျွန်တော်တို့ ညဆိုင်းသမား များက အလုပ်မှ ပြန်ခါနီး၊ မနက်ဆိုင်းသမားများက အလုပ်ကို ၀င်လာခါစအချိန်တွင်ဖြစ်၏။ ထုံးစံအတိုင်း ထိုအချိန်လေးတွင် တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန်နှုတ်ဆက်...၊ နောက် သတင်းတွေ၊ အတင်း တွေကို ပြောကြနှင့် မနက်ခင်းအစည်းအဝေးမစခင် ကျွန်တော်တို့ရုံးခန်းလေးထဲမှာ ကြွက်ကြွက်ကို ညံနေခဲ့ သည်။ ကျွန်တော်တို့ရဲ့ ဌာနအကြီးအကဲလုပ်သူ မရောက်လာသေးတာကြောင့် အားလုံး...ဟေးလား... ၀ါး.. လားဖြင့် ပျော်စရာတောင်ကောင်းနေသေး၏။ တစ်ချို့က ခုံပေါ်တွင်ထိုင်ကြ၊ တစ်ချို့က မတ်တပ်ရပ်နေကြ၊ နောက်..တစ်ချို့က စားပွဲခုံပေါ် တက်ထိုင်နေကြနှင့် လွတ်လပ်နေကြသည်မှာ အတောမသတ်...။
       စကားအများကြီးမပြောချင်တတ်သော ကျွန်တော်ကတော့ ရုံးခန်းထောင့်မှာရှိသည့် ဖိုင်များထည့်သိမ်း သည့် သံလော်ကာ ပုပုလေးပေါ်တွင် ခြေနှစ်ချောင်းတွဲလောင်းချကာ တက်ထိုင်နေမိပါသည်။ အလုအယက် ပြောနေကြသော သူတို့ကို ငေးကြည့်ရင်းပြုံးနေမိသေး၏။ ဒီနိုင်ငံမှ မိန်းကလေးများသာမက၊ အင်ဒိုနီးရှားမှ မိန်းကလေးများသည်လည်း တော်တော် စကားများတာပဲ... ဟုတွေးနေမိခဲ့သေးသည်။
     ထိုစဉ် ရုံးခန်းမှန်တံခါးကို တွန်းဖွင့်ရင်း အခုမှဝင်လာသော မနက်ဆိုင်းမှ အင်ဒိုနီးရှားကောင်မလေးတစ် ယောက်က ထောင့်တွင်တစ်ယောက်ထဲ ထိုင်ကာ ပြုံးနေသော ကျွန်တော့်ကို သူတို့ဘာသာစကားဖြင့်...
      “ဟိုင်း... ဆာရမ်း...ဆလာမတ်ပါဂီး (Hi...sayang... selamat pagi...)...”... ဟု အနားသို့လျှောက် လာရင်း အော်နှုတ်ဆက်လိုက်ပါသည်။ အဓိပ္ပာယ်မှာ “ မင်္ဂလာ နံနက်ခင်းပါ... အချစ်ရေ”... ဟု ရ၏။
       ကျွန်တော်က ပြုံးပြပြီးပြန်ခေါင်းငြိမ့်ပြလိုက်သော်လည်း ဘေးနားမှာရှိနေသည့် အင်ဒိုနီးရှားကောင်မ လေးတစ်ယောက်က၀င်၍....
       “ဟေ့..နှာဘူးမ”...ဟု အော်ဟစ်ခေါ်ကာ နောက်ဆက်တွဲ သူတို့ဘာသာစကားဖြင့် “အလုပ်တောင် မ လုပ်ရသေးဘူး...နင်တော်တော်နှာဘူး ထ,နေပါလား..ဟင်”..ဟုကြားမှ ၀င်သမပါလေတော့သည်။ နောက် ပြီးတော့လည်း “ဘာ့ညာ့... နှာဘူးမ”...ဟုရေရွတ်လိုက်သေး။ (ဘာ့ညာ့ဆိုသည်မှာ အများကြီးဟု အဓိပ္ပါယ် ရပါသည်။) ပြောခံလိုက်ရသော တစ်ယောက်ကလည်း မခေပါ...။ ပက်ခ,နဲပြန်၍ပြောလိုက်သည်မှာ (ကန် တော့ပါနော်...)
       “အာပါး...လင်ခိုးမ”...ဟူ၍ပင်...။ (apa ဆိုသည်မှာ ဘာလည်းဟု အဓိပ္ပါယ်ရပါသည်။)
       တစ်ချို့တစ်ချို့သော မြန်မာလူမျိုးများရဲ့ အသင်အပြကောင်းမှုကြောင့် မဟုတ်တာတွေကို သူတို့အ ရင်တတ်နေတာ အကြောင်းမဟုတ်..၊ မူရင်းအဓိပ္ပါယ်ရဲ့ အတိမ်အနက်ကို မသိပဲ စွတ်ရွတ်ပြောနေကြသော သူတို့ နှစ်ယောက်ရဲ့ကြားမှာ ကျွန်တော်ကပဲ မရှင်းမရှင်းကြီးလိုလိုဖြစ်နေခဲ့ရ၏။ အမှန်က အေးဆေးနေလေ့ ရှိသော ကျွန်တော့်ကို သူတို့လန့်တတ်ကြပါသည်။ သို့သော်လည်း သူတို့ထိုသို့ပြောနေကြသော စကားများ ကြောင့် အကုန်လုံးက အော်ရယ်ကြပါလေတော့သည်။ ကျွန်တော့်မှာလည်း ငိုအားထက်..ရယ်အားသန်ဆို သလိုမျိုးကြီးဖြစ်ခဲ့ရသေးပါသည်။
                                                   @@@@@@@@@@@
     ၂၀၀၆ခုနှစ် နှစ်ဦးပိုင်းလောက်တွင်လည်း ကျွန်တော်တို့စက်ရုံမှာ ဘာအရူးထ,သည်မသိ...။ မနက် မိုးလင်း အလုပ်ဝင်ချိန်ပြန်ချိန်များတွင် စက်ရုံမှ ရှိရှိသမျှသော မန်နေဂျာ၊ ဘာဂျာ၊ ညာဂျာ စသည့်ရာထူးကြီး သော လူကြီးများအားလုံး...စက်ရုံဝင်းအတွင်းဘက် ဂိတ်တံခါးဝနားတွင် တန်းစီရပ်လျှက် ဖြတ်သွားသမျှ သောအလုပ်သမားကြီးငယ်မရွေးကို “မောနင်း...မောနင်း”...ဟု ယိမ်းတိုက်ထားသလို တစ်ယောက်ပြီးတစ် ယောက်နှုတ်ဆက်ကြပါသည်။ အပြုံးတုများလည်းပါသေး၏။ အဲ့ဒါမျိုးကို ကျွန်တော်လုံးဝမကြိုက်နှစ်သက် တတ်ခဲ့ပါ...။ အကျိုးစီးပွားတစ်ခုအတွက် သက်သက်ဟန်လုပ်နေကြမှန်းသိနေတာမို့ပင်...။ အမှန်မှာ ထိုလူ ကြီးလုပ်သူများထဲတွင် အင်မတန်ခွဲခြားတတ်သော၊ နှိမ်ချဆက်ဆံတတ်သော သူများ အများအပြားပါဝင်နေ ခဲ့တာကြောင့်ပင်ဖြစ်ပါသည်။(ကိုယ်တိုင်ခံစားဖူးလို့ပါ...)
         သို့သော်အချို့မှာဖြင့် စိတ်သဘောထားကောင်းကြပါသည်။ ထိုအထဲတွင် မြန်မာအလုပ်သမားများကို ချစ်ခင်တတ်သော ဒီနိုင်ငံသူ မန်နေဂျာ တရုတ်မတစ်ယောက်လည်းပါသည်။ ထိုတရုတ်မက ကျွန်တော်တို့ ကိုမြင်လျှင် အခြားသူများကဲ့သို့ “မောနင်း”..ဟု မနှုတ်ဆက်ပဲ.. ကျွန်တော်အရမ်းကြိုက်သည့် “မင်္ဂလာပါ”.. ဆိုသည့် စကားလေးဖြင့် နှုတ်ဆက်တတ်ပါသည်။ မြန်မာလိုပြောရတာကိုလည်း သူနှစ်သက်ဟန်တူပါ၏။
      တစ်နေ့ ကျွန်တော်တို့ အလုပ်ဝင်ချိန်တွင် ထိုတရုတ်မရှေ့က အဖြတ်တွင် သူမက ကျွန်တော်တို့ကို ထုံး စံအတိုင်း “မင်္ဂလာပါ”...ဟုနှုတ်ဆက်ပါသည်။ ထိုစဉ်ကျွန်တော်တို့ နောက်နားမှ ကပ်ပါလာခဲ့သော ဒီနိုင်ငံ သားဖြစ်သူ maintaince ဌာနမှ အိန္ဒိယကုလားကောင်လေးတစ်ယောက်က ထိုတစ်ရုတ်မကို လှမ်းပြီး မျက် နှာထိ မျက်နှာထားဖြင့်....
     “နားငြီးတယ်...တိတ်တိတ်နေကြ”...ဟု အော်သွားပါလေတော့သည်။ ရုတ်တရက်မို့ ကျွန်တော်တို့လည်း ရယ်ချင်စွာအံ့သြသွားပါသည်။ မြန်မာလို ပီပီသသကြီးပြောသွားသောကြောင့်ပင်...။ ကျွန်တော်တို့နည်းတူ ထိုတရုတ်မတင်သာမက အနားမှာရှိသည့် တစ်ချို့မန်နေဂျာများလည်း အံ့သြသွားကြလေ၏။ သို့သော် နား မလည်ကြ၍ တော်ပါသေးသည်။ ကျွန်တော်တို့မှာ ထိုရှေ့မှလွန်လာခဲ့ပြီးသည့်နောက် ၀ါးလုံးကွဲရယ်မိခဲ့တာ ကိုဒီနေ့အထိမှတ်မိနေခဲ့ပါသည်။ (နောက်မှ ပြန်သိရသည်မှာ ထိုကုလားလေးသည် မနက်တိုင်းမြင်နေရ သော ထိုမန်နေဂျာအုပ်စု၏လုပ်ရပ်ကို အရေမရအဖတ်မရဟုမြင်နေ၍ မြန်မာလိုပြောတတ်အောင် သူနှင့် ဌာနတူ မြန်မာအမျိုးသားထံမှ ထိုစကားလေးကို တမင်တစ်ကာကြိုးစားသင်ထားခဲ့ခြင်းဟူ၍ပင်...။)
      သို့သော်လည်း တစ်ခါတစ်ရံ ကျွန်တော့်မျက်စိရှေ့တွင် ဇာတ်တိုက်ထားသည့်အလား မြန်မာစကားကို အချီအချ... ညီညာစွာပြောနေခဲ့ကြသော သူတို့တွေကိုကြည့်ရင်း အူလှိုက်သည်းလှိုက်ရယ်မောမိခဲ့တာက တော့ အမှန်ပင်ဖြစ်၏။
                                               @@@@@@@@@
    လွန်ခဲ့သည့် လအနည်းငယ်လောက်က ဖြစ်ခဲ့ပါသည်။ တစ်ည ကျွန်တော်အလုပ်ထဲတွင် ပျင်းလာခဲ့ တာကြောင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် မြန်မာသူငယ်ချင်းညီလေးများရှိရာဌာနသို့ ခဏသွားမိခဲ့သည်။ ည ပိုင်းအလုပ်လုပ်ရာတွင် စက်ရုံ၌ ကြောက်ရမည့်လူကြီးများမရှိတာကြောင့် ပုံမှန်အလုပ်လေးတွေလုပ်ရင်း အားလုံးလွတ်လပ်နေကြပါသည်။ အေးအေး...ဆေးဆေးပင်...။
       ထိုဌာနသို့ ကျွန်တော်ရောက်တော့ သူငယ်ချင်းညီလေးများက အလုပ်လုပ်နေကြပေမယ့် အင်ဒိုနီးရှား ကောင်မလေးတစ်ယောက်ကတော့ သူမရဲ့လက်ကိုင်ဖုန်းလေးဖြင့် ဂိမ်းကစားနေပါသည်။ ဒါကို ကျွန်တော် မြင်တော့ နောက်ချင်စိတ်ဖြင့် သူမကို....
         “ဟေ့...နင် အလုပ်မလုပ်ပဲဆော့နေတယ် ဟုတ်လား... အေး..အေး..ဆော့...၊ မနက်ကျရင် နင့်လူ ကြီးနဲ့ ..ငါတိုင်ပြောမယ်”...ဟု မြန်မာလိုပဲ ပြောလိုက်ပါသည်။ သူမ မြန်မာစကားကို နားမလည်ပါ...။ သို့ပေ မယ့် ကျွန်တော့်ကို မျက်စောင်းတစ်ချက်လှမ်းထိုးရင်း ဂျိုကြည့်ကြည့်ကာ...
        “သဒိုးဇား....၊ ရာပါ့ပေ့ရိုက်လွတ်ရ”...ဟု အော်ပြောရင်း ဆောင့်ဆောင့်အောင့်အောင့်လုပ်ကာ ထွက် သွားပါတော့သည်။ သူမ ကျွန်တော့်ကို ဘာပြောသွားသလဲဆိုတာ ရုတ်တရက်တော့ ကျွန်တော်နားမလည်ခဲ့ မိ။ သို့သော်...ဘေးနားမှာရှိသည့် ထိုဌာနမှ မြန်မာညီလေးများက ကျွန်တော်ကိုကြည့်ပြီး..၀ါးခနဲ ၀ိုင်းရယ် ကြပါလေတော့သည်။ နဝေတိမ်တောင်နိုင်စွာဖြင့် ဘေးနားမှာရှိသည့် ညီလေးတစ်ယောက်ကို သူမဘာ ပြောသွားတာလည်းဟုမေးမိတော့...ထိုညီလေးက..ကျွန်တော့်ကို အားနာစွာကြည့်ရင်း...
      “အဲ့ဒါ အစ်ကိုကြီးကို ‘သူတောင်းစား...ငါ..ပါးပိတ်ရိုက်လိုက်ရ’...လို့ ပြောသွားတာ”....ဟု ရှင်းပြလေ၏။
ရှက်လွန်း၍ ထိုနေရာမှာ လဲသေလိုက်ချင်စိတ်ပင်ပေါက်သွားမိပါသည်။ ပါးစပ်အငြိမ်မနေနိုင်ပဲ သွားစမိခဲ့ သောကျွန်တော်... ကိုယ့်အပြစ်နှင့်ကိုပင်....။ ထိုစကားမှာ သူတို့ဌာနမှ မြန်မာလူမျိုးများ ပြောနေကျမို့ သူမ ကောင်းကောင်းတတ်နေခဲ့တာ...ဆန်းတော့မဆန်းပါ...။
       သို့သော်ထိုစကားဖြင့် ကျွန်တော့်အပြောကို ချက်ကျလက်ကျ ပြန်ခံပြောသွားသော သူမရဲ့အပြောကို အရင်အခါတွေတုန်းကလို ကျွန်တော်မရယ်နိုင်ခဲ့မိတော့ပါ...။ ရင်ထဲတွင် ဘလိုင်းကြီး ဆဲတာခံလိုက်ရတာ ကြောင့် နင်နေခဲ့မိတာ အမှန်ပင်...။ နောက်မှ စဉ်းစားမိသည်။ အရင်တုန်းက သူများတွေအလှည့်တုန်းက ဟားတိုက်ကာရယ်ခဲ့မိသော ကျွန်တော်...။ အခု ကိုယ့်အလှည့်မှာ ကိုယ့်ကို တည့်တည့်လာမှန်တော့ လုံးဝ ကို မရယ်နိုင်ခဲ့တော့....။ သြော်... ကိုယ့်အလှည့် ပဲလေ...။ ဒီလိုပဲဖြစ်ရမှာပေါ့ဟု ဖြေတွေးတွေးမိ၏။
                                                 @@@@@@@@@@@@
         နောက်တစ်ခါ ကိုယ့်အလှည့်တွင် ကောင်းတာပဲဖြစ်ဖြစ်..ဆိုးတာပဲဖြစ်ဖြစ်..ပြုံးပြုံးလေး လက်ခံ နိုင်ဖို့ကို ကျွန်တော် အများကြီးကြိုးစားရပေဦးမည်။             ။
                                                   @@@@@@@@@@@@
======================================================
(ပုံကလေးကိုဒီနေရာလေး မှ ယူသုံးပါတယ်ခင်ဗျာ...။)
======================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
Thursday, December 10, 2009
ဟန်ကိုယ့် ဖို့ ....
      ပန်းရနံ့တွေ စူးရှစွာမွှေးပျံ့ နေခဲ့တဲ့ ခပ်နက်နက်တောအုပ်တစ်ခုအတွင်းမှာ အလွန်သန်မာထွားကျိုင်း
လှတဲ့ ခြင်္သေ့ပျိုလေးတစ်ကောင် ရှိခဲ့ဖူးပါတယ်....။တစ်နေ့မှာတော့ သူဟာ ဆာလောင်မွတ်သိပ်ခြင်းရဲ့ဒဏ် ကို ပြင်းရှစွာခံစားနေရတဲ့အတွက် အစာရှာဖို့ရာ တောနက်ထဲကို ထွက်လာခဲ့ရပါတော့တယ်....။အဲ့ဒီလိုနဲ့ သားကောင်လေး ဘာလေးများ တွေ့လို တွေ့ငြား ဟိုဟိုဒီဒီလျှောက်သွားနေရတဲ့ အခိုက် ‘ငဖြူ’ နဲ့ ‘ငမဲ’ လို့ ခေါ်တွင်တဲ့ ရှဥ့်ညီနောင် နှစ်ကောင်နဲ့ လမ်းမှာ သွားဆုံတယ်။
       အဲ့ဒီမှာ နှုတ်သွက်၊ လျှာသွက်ရှိတဲ့ အငယ်ကောင် ‘ငမဲ’က .....
      “ဗျို့  ... ချစ်ကိုကြီး .... ဒါက ဘယ်လွင့်မလို့လဲဗျ...။ ဟဲ ... ဟဲ... ဧကန္ဏတော့ငါ့ ၀မ်းပူဆာ မနေသာ တော့လို့ .... တောကောင် ထွက်ရှာတာ ထင်တယ်” ....
       လို့ ... နှုတ်ဆက်လိုက်တော့ အဲ့ဒီခြင်္သေ့ပျိုလေးက မိန့်မိန့်ကြီး ပြုံးလိုက်ပြီး ....
     “ အေးကွ ....၊ ဂူထဲမှာ တစ်ကောင်တည်းနေရတာ ငြီးငွေ့သလိုလို ဘာလိုလိုဖြစ်လာတာနဲ့ အပျင်းပြေ အမဲလိုက်ရှာမလားလို့ပါကွာ .....။ ဘာရယ်တော့ မဟုတ်လှပါဘူး.....။ ကိုင်း .... ကိုင်း.... သွားပဟေ့ ”...
       ....လို့ ဆိုပြီး သူတို့နှစ်ကောင်ရှေ့ ကနေ ခပ်ကော့ကော့လေး ထွက်သွားပါလေရော..။
    အဲ့ဒါတွေကို ဘေးနားကနေ တစ်ချိန်လုံးငြိမ်ပြီးနားထောင်နေခဲ့တဲ့ အကြီးကောင် ‘ငဖြူ’ က ခြင်္သေ့ပျိုလေး ခပ်ဝေးဝေးမရောက်ခင်မှာပဲ သူ့ညီ အငယ်ကောင် ‘ငမဲ’သာကြားနိုင်တဲ့ နှစ်ကောင်ကြား လေသံက လေးနဲ့ ..... ....
       “ အဲ့ဒါမျိုးပေါ့ကွ ....၊ ‘ဟန်ကိုယ့်ဖို့’ ... ဆိုတာ”....
       “ ဘာဆိုင်လို့လဲဗျ”...
       ‘ငဖြူ’က သူ့ညီကို ‘သနားစရာကောင်းလိုက်တဲ့ အကောင်လေး’ ဆိုတဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်တယ်...။ ပြီးတော့မှ ....
       “မင်းကွာ .... တော်တော့ကို တုံးတာပဲ ...။ ကြည့်လေ... အဲ့ဒီ ခြင်္သေ့ကောင် ပြောသွားတာကို....။ ဗိုက်ဆာလို့ ....၊ စားစရာမရှိတော့လို့ .... အမဲထွက်လိုက်ရတာကိုများ အပျင်းပြေလိုက်မလို့ ... ဆိုပြီး ပြော သွားတာမင်း... မကြားလိုက်ဘူးလား”....??
       “ကြားသားပဲဗျ”....
       “ အေးလေ ... ငါပြောတဲ့ ‘ဟန်ကိုယ့်ဖို့’ ...ဆိုတာလည်း အဲ့ဒီဟာကိုပဲကွ...မင်း ... စဉ်းစားကြည့် လေ...၊ ဒီတော၊ ဒီတောင်တွေထဲမှာ ရှာမှ စားဖို့ ....၊ သောက်ဖို့ရတဲ့ ငါတို့တွေရဲ့ ဘ၀မှာ အစာရှာတဲ့အ လုပ်ကို ‘အပျင်းပြေ၊ အယားဖျောက်ဖို့ရာလုပ်တယ်ဆိုတာ ....ဟန်လုပ်ပြီး ပြောတာမဟုတ်ရင်ဘာလဲ ကွ. .. ဟေ” ....
       ‘ငဖြူ့ ’စကားကြောင့် ‘ငမဲ’ က စဉ်းစားနေတဲ့ ပုံလေးနဲ့ မျက်မှောင်သေးသေးလေးကိုကုပ်ရင်း ခေတ္တငြိမ်သွားတယ်။ ပြီးတော့မှ အတွေးပေါက်လာတဲ့ဟန်နဲ့ ခေါင်းကို တစ်ဆတ်ဆတ်ငြိမ့်ရင်း .....
       “ ဟုတ်သလိုလိုပဲနော် အစ်ကိုကြီး” ...
       “ ဟုတ်သလိုလိုတင် မဟုတ်ဘူးကွ....။ ဟုတ်ကို ဟုတ်နေတာ ....၊ ဘယ့်နှယ်ကွာ ....၊ စားစရာမရှိလို့ ထွက်ရှာရတာကိုများ အပျင်းပြေရှာရတယ်လို့ ....။ လာလာ ချည်သေးရဲ့  .....။နေစမ်းပါဦး .... ငါတို့တောထဲမှာ ပျင်းရလောက်အောင် ဘာများအချိန်တွေ ပိုနေလို့လဲ....? နောက်ပြီးတော့လည်း တော ကောင်ခြင်းအတူတူ သူက ပျင်းလို့ အစာထွက်ရှာတယ်ဆိုတော့ သူ့လိုပဲ အစာထွက်ရှာရတဲ့ မင်းတို့ ငါတို့က ဘာဖြစ်သွားပြီလည်းကွ .... ဟေ...။သူက အဲ့ဒီလိုဆိုတော့ ကျန်တဲ့ အကောင်တွေ အစာရှာနေကြတာကပဲ ပျော်လို့ ....၊ ဒါမှမဟုတ်ရင် လောဘကြီးလို့ .... ဆိုတဲ့ ပုံစံမျိုးပေါက်မသွားဘူးလား ....? အေး ... တောထဲ မှာနေပြီး အဲ့ဒီလောက် ပျင်းနေတယ်ဆိုရင် ဟိုး .... လူတွေနေတဲ့ နေရာတွေမှာရှိတဲ့ Night Club တို့ KTV တို့သာ ခင်ဗျားသွားလိုက်တော့လို့ ပြောလိုက်ချင်တာများ ... ငါ့နှယ် ...ပါးစပ်ကို ယားနေတာပဲကွာ ....။ ဟား .... ဟား” ....
       သူ့အစ်ကိုဆီက အဲ့ဒီလိုစကားမျိုးကိုကြားတော့ ‘ငမဲ’က ခွက်ထိုးခွက်လှန်လို့ ခေါ်ရင်ရနိုင်တဲ့ အသံနဲ့ တစ်ဟစ်ဟစ်ရယ်တယ်....။
       ညီနောင်နှစ်ကောင်သား ရယ်ရင်းနဲ့ ဆက်လျှောက်လာကြတာ ခဏကြာတော့ညောင်ပင်ကြီး တစ်ပင် အောက်ကို ရောက်လာကြပါလေရော....။
       အဲ့ဒီမှာ သူတို့ ခဏနားလိုက်ကြတယ်။
       ခဏနေ အမောပြေတော့ ‘ငဖြူ’ က ‘ငမဲ’ ကို အကဲခတ်သလို တစ်ချက်ကြည့်လိုက်တယ်....။ ‘ငမဲ’ ရဲ့ မျက်ခွက်က ရယ်ချင်ပက်ကျိ ဖြစ်နေခဲ့တုန်းပဲ။ ‘ငဖြူ’က ဆက်ပြောတယ်....။
       “ဒါပေမယ့် တစ်ခုတော့ရှိတယ်ကွ” ....
       ‘ငမဲ’ က စိတ်ဝင်စားတဲ့ ပုံစံနဲ့ သူ့ကို ခေါင်းထောင် ကြည့်တာမြင်တော့ ‘ငဖြူ’က.....
       “ ဟန်ဆိုတဲ့ အရာကို သူ့နေရာနဲ့သူ သုံးတတ်ရင်တော့ အကောင်းဆုံးပေါ့ကွာ....။ စကားမစပ် ဥပမာ အနေနဲ့ ပြောရရင် ဟိုတစ်ရက်တုန်းက ငါတို့နေတဲ့ တောထဲမှာ လေပြင်းမုန်တိုင်းကျတာကို မင်းမှတ် မိသေးလား....??”
        ‘ငဖြူ’ရဲ့အမေးကို ‘ငမဲ’က ကျောချမ်းလာသလိုမျိုးပုံစံကလေးနဲ့ သူ့ပခုံးလေးနှစ်ဖက်ကို အသာကြုံ့ ရင်း ....
        “ မှတ်မိတာပေါ့ ....၊ ကျွန်တော်တို့နေတဲ့ သစ်ပင်ကြီးဆို အမြစ်ကနေပြီး ကျွတ်ထွက်သွားတော့မလို တိုက်ခဲ့တာပဲဟာ ....။ အဲ့ဒီတုန်းကများ ... ကျွန်တော်ဆို ကြောက်လွန်းလို့ အဖေ့ကို ဖက်ထားလိုက်မိတာ တအားပဲ.... သိလား ....??”
        “ သိသားပဲ ....၊ ငါလည်းမင်းနဲ့အတူကြောက်လို့ အဖေ့ကို ဖက်ထားရတာပါပဲ....။ အမေလည်းပါ သေးတယ်လေ...။အဖေရှိတော့ ငါတို့တွေ အားရှိတာပေါ့ကွ....။ နောက်ပြီး အဖေက ပြောသေးတယ် လေ....၊ အဖေရှိတယ် ....ဘာမှမကြောက်ကြနဲ့လို့ ....။နောက်ပိုင်းကျတော့ ငါစဉ်းစားမိတယ်....။ အဖေ လည်း အဲ့ဒီတုန်းကကြောက်နေခဲ့မှာပဲလို့ ....။ ဒါပေမယ့် ငါတို့မိသားစုကို ဦးဆောင်နေရတဲ့ သူကနေ စ,ပြီး ကြောက်ပြနေခဲ့ရင် ကျန်တဲ့ ငါတို့တွေပါ အကုန်လုံးသွေးပျက်ကုန်မှာစိုးလို့ သူမကြောက်ချင်ဟန်ဆောင်ပြီး နေခဲ့တာပဲဖြစ်မှာပါ....။ အေး .... ငါပြောချင်တာကတော့ ‘ဟန်’ ...ဆိုတဲ့ အရာကို အဲ့ဒီလိုနေရာမျိုးတွေမှာ အသုံးချရင် သူတစ်ပါးအတွက်ရော ...၊ ကိုယ့်အတွက်ပါ အကျိုးပြုစေနိုင်တာပေါ့ကွာ ....”
       ‘ငမဲက သူ့အစ်ကိုစကားကို နားလည်သဘောပေါက်တဲ့ဟန်နဲ့ သူ့ခေါင်းသေးသေးလေးကို တစ်ဆတ် ဆတ်ငြိမ့်လိုက်တယ်....။ ‘ငဖြူ’ ကဆက်ပြီး ....
       “ဒါပေမယ့် ‘ဟန်’ ..ဆိုတာကို ကိုယ့်ဖို့ချည်းပဲသာ ငါတို့သုံးနေကြမယ်ဆိုရင်တော့ ကြာလာရင် ပတ်ဝန်း ကျင်က ငါတို့ကို မရိုးသားတဲ့သူ၊ ယုံကြည်ဖို့မကောင်းတဲ့သူတွေလို့ မြင်လာကြမှာပဲကွ....။ အခြေအနေ၊ နောက်ပြီး အကြောင်းကြောင်းတွေကို ထောက်ထားလို့ ရှေ့ တင် ဗြောင်ကြီးဖွင့်ပြီး ခင်ဗျား ညာနေတာပါ....၊ အာဖျံကွီးလုပ်နေတာပါ....၊ ကျွန်တော်တို့တွေသိနေပါတယ် ..... လို့ ဖွင့်မပြောဖြစ်ကြပေမယ့် ...နောက် ကွယ်ကျရင်တော့ အတင်းအုပ်ပြီး.... အခု မင်းနဲ့ငါ ဟို ... ခြင်္သေ့ကို လှောင်ရယ်သလို အရယ်ခံရမှာ ‘ဟန် ဆောင်တတ်သူတွေ ’ အတွက်တော့ အသေအချာပါပဲကွာ”....
       ‘ငမဲ’ က သူ့ခေါင်းလေးကို အားရပါးရထပ်ငြိမ့်ရင်း ပါးစပ်ကလည်း ‘ဟုတ်တယ်အစ်ကိုကြီး’ ...လို့ ထောက်ခံလိုက်ပြန်တယ်....။ ပြီးတော့ ရယ်ချင်ပက်ကျိဖြစ်လာပြန်တဲ့ မျက်နှာပေးလေးနဲ့ ‘ငဖြူ့ ’ကို ပြန် မေးလိုက်တယ်....။
       “ စောစောက ကိုခြင်္သေ့ကို အစ်ကိုကြီးပြောလိုက်ချင်တာ ပျင်းနေရင် ဘယ်ကို သွားရမယ်”....??
       “တောထဲမှာနေပြီး ပျင်းနေရင် လူတွေနေတဲ့ နေရာတွေဆီမှာရှိတဲ့ Night Club တို့ KTV တို့ကို သွားလိုက်ပေါ့လို့လေကွာ...။ ဟား .... ဟား ”....
       ‘ငဖြူ့ ’ရဲ့ စကားလည်းဆုံးရော ‘ငမဲ’ကပါ ရောပြီး အူလိုက်သည်းလှိုက် တစ်ဟစ်ဟစ် နဲ့ ရယ်ပြန် ပါလေရောတဲ့ ....။
        ညီနောင်နှစ်ကောင်သားရဲ့ ရယ်သံတွေကြောင့် သူတို့နားနေတဲ့ ညောင်ပင်ပေါ်မှာ ညစောင့်အလုပ် ကနေပြန်လာပြီး အိပ်စက်အနားယူနေတဲ့ ဦးဇီးကွက်ကြီးတောင်မှ လန့်နိုးသွားပါလေရော....။
        အဲ့ဒီတော့ သူ့အိပ်ရေးကို အနှောက်အယှက်ပေးတဲ့ ညီနောင်နှစ်ကောင်ကို ထ,ပြီးလူကြီးပီပီ ကြိမ်း မောင်းလိုက်တယ်....။ ဦးဇီးကွက်ကြီးရဲ့ ကြိမ်းမောင်းမှုကြောင့် ကပျာကယာတောင်ပန်ရင်း သူတို့ညီနောင် နှစ်ကောင် ညောင်ပင်ကြီးနဲ့ ဝေးရာဆီကို ဖနောင့်နဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးထွက်လာ ခဲ့ရပါ တော့တယ်....၊ ရယ်မောရင်းနဲ့ပဲပေါ့....။
       သူတို့ ညီနောင်နှစ်ကောင်ရဲ့ ခြေသံလေးတွေနဲ့ ရယ်မောသံလေးတွေဟာ ဟိုး ခပ်ဝေးဝေးဆီမှာရှိတဲ့ တောတန်းတွေဆီကို လွင့်ပျံသွားခဲ့လေတော့တယ်....။
@@@@@@@@@@@
       နက်ရှိုင်းလှပါတယ်ဆိုတဲ့ .... အဲ့ဒီတောအုပ်ကလေးထဲမှာတော့ ပန်းရနံ့တွေက သင်းမြစွာ ကြိုင် လှိုင်နေခဲ့တုန်းပဲတဲ့လေ .....။         ။
@@@@@@@@@@@
ပုံကလေးကိုဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။
======================================================
အရင်တုန်းက လောကအလှအွန်လိုင်းမဂ္ဂဇင်း မှာရေးခဲ့ဖူးတဲ့ အက်ဆေးလေးတစ်ပုဒ်ပါခင်ဗျာ...။ အဲ့ဒီနေရာ လေးမှာ ရှိတဲ့စာလေးက ဖတ်ရတာ..နည်းနည်းလေး စုစည်းမှုမရှိသလိုဖြစ်နေခဲ့လို့ ဒီမှာပဲ အကုန်ပြန်တင်ခဲ့ လိုက်ရတာပါ...။ မူရင်းနေရာကစာလေးကို ဖတ်ချင်ရင်ဒီနေရာလေးကို သွားနိုင်ပါတယ်ခင်ဗျာ...။ ဖတ်ပြီးခဲ့ ရင် အားမနာတမ်းဝေဖန်ပေးခဲ့ကြပါဦးခင်ဗျာ...။
======================================================
ချစ်ခြင်းအားဖြင့်
ဏီလင်းညို
Thursday, December 3, 2009
ဘဲစား... ဘဲချေ
  “တစ်နေရာယူ”....
        နားထဲသို့ စူးခနဲဝင်လာသည့် ‘ကုလား’ရဲ့ အသံကြောင့် ‘တာတူး’ ကိုယ်ကို ကျုံ့ထားလိုက်မိသည်။ ရင် ဘတ်အောက်မှပိပြားနေသော မြက်ပင်စိမ်းစိမ်းများကို တစ်ချက်ငုံ့ကြည့်ရင်း..လက်ထဲမှ ပလတ်စတစ်ပစ္စတို သေနတ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်မိသေး၏။ ပတ်ဝန်းကျင်ကို လုံခြုံမှုရှိမရှိတစ်ချက် အကဲခတ်ရင်း လေအဝှေ့မှာစူးခနဲလွင့်ပျံ့လာတတ်သည့် ခပ်လှမ်းလှမ်းတွင်ရှိသော ၀က်တဲမှ ၀က်ချီးနံကိုအ ရင်ခုခံကာကွယ်တဲ့အနေဖြင့် အသက်အောင့်ထားလိုက်မိ၏။ ပြီးတော့ ပခုံးပေါ်ကို နှာခေါင်းတင်ကာ ဖိကပ် ထားလိုက်သည်။ ဒါလောက်ဆို လုံလောက်ပြီ...။
     “နှစ်... အဆင်သင့်”...
      ကုလားရဲ့ အော်သံနှင့်အတူ... သူဝပ်နေသော ခြုံဖုတ်နောက်နားမှ လှုပ်လှုပ်ရွရွအသံကြားတာကြောင့် တာတူး လှည့်ကြည့်မိတော့ သူ့အနားကိုတွားသွားရင်း...လာနေသည့် ‘ကြွက်နီ’...။ ကြွက်နီက သူတို့ဖက်က မို့တော်သေးသည်။ နို့မို့ဆိုရင် မလွယ်လှ...။ သို့သော် ၀ပ်နေရာမှ နောက်ကိုခြေထောက်နှင့် လှမ်းခတ်ရင်း.. ကြွက်နီအား အသံခပ်အုပ်အုပ်ဖြင့်....
    “ဟေ့ယောင်...မင်းတစ်ခြားနေရာသွား... တော်ကြာငါတို့နှစ်ယောက်လုံး တစ်ခါတည်းသေနေဦးမယ်....။ ကုလားက... အငြင်းသန်တာမင်းလည်း...သိရဲ့နဲ့...။ သွား...သွား”...
     တာတူးနှင်လွှတ်တာတောင်မှ ကြွက်နီက မသွားချင်သလို ပေကပ်နေသေးသည်။ အဲ့ဒီအကောင်အကျင့် က အမြဲအဲ့ဒီအတိုင်းပဲ ဟုတာတူးတွေးမိသည်။ ဘာပဲဖြစ်ဖြစ် သူများအားကိုးချင်တဲ့ကောင်။ ထို့ကြောင့် အနီး မှာရှိသည့် မြက်ပင်တစ်ချို့ကို လက်နှင့်နိုင်သလောက်ဆွဲနှုတ်ကာ ကြွက်နီကို နောက်ပြန်လှမ်းပစ်လိုက်ရင်း
   “ဟေ့ယောင်...သွားလေကွာ...မင်းကလည်း”....
    “အေးပါကွာ”....
      ကြွက်နီက မသွားချင် သွားချင်ပုံစံဖြင့် ၀ပ်နေရာမှထကာ ခန္ဓာကိုယ်ကို ခပ်ကုန်းကုန်းလေးလုပ်ပြီး တာ တူးနှင့် မလှမ်းမကမ်းမှာရှိသော ခြုံဖုတ်တစ်ခုဆီသို့ ပြေးသွား၏။
    “သုံး...ကျည်ဆန်ထည့်”...
     “လေး... မောင်းချိန်”....
    အော်နေသော ကုလား၏အသံက တစ်ဖြည်းဖြည်းနှင့်မြန်လာသည်ကို နားထောင်နေရင်း စောစောတုန်း က ကြွက်နီပြေးဝင်သွားသည့် ခြုံဖုတ်ကို တာတူးလှမ်းကြည့်မိသည်။ ဒီအတိုင်းဆို သူတို့ဘက်မှ ကြွက်နီတစ် ကောင် စောစောစီးစီးသေတော့မှာပဲ...ဟု တာတူးတွေးမိ၏။ ကြည့်လေ..ဒီကောင်ဝင်ပုန်းနေတာကို တစ်ဖွဲ့ တည်းသား..တာတူးပင်မြင်နေရ၏။ စွပ်ကျယ်အင်္ကျီအနီရောင်လေးဝတ်ထားသော ကြွက်နီရဲ့ပိန် ညှောင် ညှောင်ခန္ဓာကိုယ်လေးက ခြုံဖုတ်ဘေးမှာ တစ်စွန်းတစ်စထွက်လို့...၊ ပြူတစ်ပြူတစ်နှင့်....။ သူတို့ဖက်မှကျန် သည့် ဖိုးဝနှင့် မင်းမင်းတို့နှစ်ယောက်တော့ ဘယ်နားမှာချောင်သွားခိုနေကြ သလဲ တာတူးမသိ...။ သို့သော် သူ့အနားတစ်ဝိုက်ရှိ ခြုံဖုတ်တွေထဲ ပုန်းနေကြမှာတော့ ကျိန်းသေသည်။
     “ငါး... ၀ပ်”....
     “ခြောက်... ပစ်နိုင်ပြီ”....
     ကုလား၏ အော်သံ အဆုံးမှာ တာတူးတစ်ယောက် ပတ်ဝန်းကျင်ကိုသေသေချာချာ စူးစိုက်ကြည့်လိုက်မိ သည်။ အခုမှ တာတူးစဉ်းစားမိ၏။ ကုလားရဲ့ အချက်ပေးအော်သံလာနေတာက... သူ့အရှေ့တည့်တည့်မှ လာနေသလိုပင်။ ကုလားတို့ဘက်မှ ဘယ်သူမှန်းတော့မသိ...။ တာတူးရဲ့ အရှေ့ခပ်လှမ်းလှမ်းတွင်ရှိသော ငှက်ပျောပင်အုပ်ကြားထဲမှာတစ်ယောက်ယောက်ပုန်းနေသလို လှုပ်လှုပ်ရွရွဖြစ်နေတာတွေ့ရသည်။ ကုလား တို့ဘက်မှဆို...ကုလား၊ ဘဲမြီး၊ အောင်အောင်...ဒါမှမဟုတ် စာကလေး..တစ်ယောက်ယောက်တော့ ဖြစ်နိုင် သည်။
     တာတူးတို့တစ်သိုက်လုံးက အားလုံးရွယ်တူတွေချည်းဖြစ်သည်။ တစ်ရပ်ကွက်ထဲနေတာ အတူတူ၊ နောက် တတိယတန်းတွင် ပညာသင်ကြားနေကြတာလည်း... အတူတူ။ အခု ဒီဇင်ဘာကျောင်းပိတ်ရက်မို့ ရပ်ကွက်အစွန်းတွင်ရှိသော ငှက်ပျောတောထဲတွင်... မီးကုန်ယမ်းကုန် သေနတ်ပစ်တမ်းကစားနေကြခြင်းပဲ ဖြစ်ပါသည်။
    “ဒိုင်းညှောင့်... ဒိုင်းညှောင့်... ဒိုင်းညှောင့်.... ဟေ့ယောင် စာကလေး... မင်းသေပြီထွက်တော့”....
     “ဒက်...ဒက်...ဒက်...ဒက်...ဒက်..ဟေ့ယောင် ကြွက်နီမင်းသေပြီကွ...။ ထွက်ခဲ့တော့ဟေ့...ဟီး..ဟီး”..
      ကုလားရဲ့ အူးမြူးသံကြီးအဆုံးတွင်တော့ မြင်ကွင်းထဲသို့ ရှင်းရှင်းကြီးရောက်လာပြီဖြစ်တာမို့ တာတူးမ နေသာတော့ပဲခြုံအပြင်သို့ အမြန်ထွက်ပြီး...
     “ဒိုင်းညှောင့်...၊ ဒိုင့်ညှောင့်...၊ ဒိုင်းညှောင့်... ကုလား မင်းသေပြီကွ... ထွက်ပေတော့ဟေ့”....
      သို့သော်... ကုလားက စောစောကသူပုန်းနေခဲ့သည့် ငှက်ပျောပင်အုပ်ကြားသို့ ပြန်ပြေးရင်း ပါးစပ်မှနေ
     “ဟေ့...အေး..၊ ငါမသေဘူးကွ...မသေဘူး”....ဟု အော်သွားလေတော့၏။
     တာတူး စိတ်ထဲတော်တော်လေးတင်းသွားသည်။ ကြည့်လေ... အဲ့ဒီကုလား... အငြင်းသန်ပြီ။ ဒီလောက် ပေါ်တင်ကြီးပစ်ထည့်လိုက်တာကိုများ.. သူ မသေဘူး... ဟု ငြင်းသွားသေးသည်။  တာတူးကို.. ဒါမျိုးလာချိုး လို့ကတော့ အမောဖောက်သွားစေရမည်။ ထို့ကြောင့် ကုလားပြန်ပြီးဝင်ပုန်းသွားသော ငှက်ပျောပင်အုပ်ဆီ ကို တာတူးပြေးလိုက်သွားရင်း ပါးစပ်မှလည်း....
     “ဟေ့ယောင် ကုလား...၊ မင်းမညစ်နဲ့ နော်.. ငါပေါ်တင်ကြီးပစ်ထည့်လိုက်တာ...။ မင်းသေပြီးသွားပြီ”...
     “ဟုတ်တယ်... ဟေ့ယောင်...၊ ငါလည်းမြင်လိုက်တယ်...၊ တာတူးဆော်ထည့်လိုက်တာ..မင်း ဂန့်သွား  ပြီကွ...။ ထွက်... ဟေ့ကောင်....မင်း ဆက်ပုန်းမနေနဲ့တော့”....
     စောစောက ကုလားပစ်လိုက်သော ကြွက်နီကလည်း..တာတူးနောက်မှ ထပ်ချပ်မကွာလိုက်လာရင်း ပါးစပ်မှ မကျေမနပ်နှင့် အသံကုန်ဟစ်နေလေတော့သည်။ ကြွက်နီနှင့် တာတူးတို့ရဲ့ အော်ဟစ်သံများကြောင့် သူတို့နေရာတွင်လုံအောင်ပုန်းရင်း ချက်ကောင်းကိုချောင်းနေကြသော ဖိုးဝနှင့် မင်းမင်းတို့ ပါ တာတူးတို့အနားသို့ရောက်လာကြလေ၏။ သူတို့အားလုံး ကုလားပုန်းနေသော ငှက်ပျောပင်အုပ်ထဲသို့ တိုးဝင်လိုက်ကြသည်။
     ငှက်ပျောပင်အုပ်ထဲတွင်.... ကုလားက တစ်ကိုယ်လုံးကို ပိပြားနေအောင် ၀ပ်နေတာတွေ့ရ၏။ တာတူးက ခေါင်းဆောင်ပီပီ....
      “ဟေ့ယောင်...ကုလား..မင်းသေသွားပြီလေ...ထွက်တော့ကွ...၊ ဘာလို့ မသေဘူးလို့ပြောပြီး ဒီမှာလာဝပ်နေတာတုန်းကွ”....
     ကုလားက ၀ပ်နေရာမှ တာတူးကိုမော့ကြည့်ရင်း...
      “သေပါဘူးကွာ... မင်းပစ်ထည့်လိုက်တာ... ငါ့ခြေထောက်နားလေးပဲ ရှပ်ထိသွားတာ...။ ဗွီဒီယိုတွေထဲ မှာလို.. ဆေးရုံသွားရင်ပျောက်သွားမှာလေ...။ မင်းပစ်တာ.. ငါ့ရင်ဘတ်နေရာမှ မဟုတ်တာ..။ ဘာလို့ ငါက သေရမှာလည်းကွ”...
    ကုလားရဲ့ စကားကြောင့် တာတူးတို့ တစ်ဖွဲ့လုံးဆွေ့ဆွေ့ခုန်သွားကြရတော့သည်။ ဒေါကန်လိုက်သည် မှာ ပြောပင်မပြတတ်တော့...။
     “မင်း...မင်း.. အငြင်းသန်တယ်.. ကုလားရာ”...
    တာတူးတို့ဘက်မှ မင်းမင်းက မချိမခံသာလေသံဖြင့် တစ်ခွန်းဝင်ပြောသည်။ ဖိုးဝက ငှက်ပျောပင်တစ် ပင်ကို မကျေမနပ်ဖြင့် ပိတ်ကန်လိုက်၏။ ပါးစပ်ကတော့ ဘာမှမပြော...။ ကြွက်နီကတော့ စောစောကသူ့ကို သေအောင်ပစ်ထားပြီး... သူ့အလှည့်ကျတော့ မသေဘူး... ဟု ဇွတ်အတင်းခံငြင်းနေသော ကုလားကို မျက် ထောင့်နီကြီးဖြင့်ကြည့်ရင်း.... နှာခေါင်းဝမှ ထွက်ကျလုလုဖြစ်နေသော နှပ်ချေးများကို ရှလွတ်ခနဲ ပြန်သွင်း လိုက်သည်။
     “ဘာဖြစ်နေကြတာလည်းကွ”...
      ကုလားတို့ဘက်မှ အောင်အောင်က သူတို့အနားသို့ရောက်လာရင်း စပ်စုစွာမေးသည်။ သူ့အနောက်မှာ တော့ စာကလေးနှင့် ဘဲမြီးက ကုပ်ချောင်းချောင်းနှင့်....။ သူတို့ ခေါင်းဆောင် ကုလားအကြောင်း သိထား နှင့်နေကြသည့်ပုံစံလေးများဖြင့်...။ တာတူးက...
     “မင်းတို့ ခေါင်းဆောင် ကုလားငြင်းနေလို့ကွ...၊ ငါ ပေါ်တင်ကြီးဆော်ထည့်လိုက်တာကို မသေဘူးဆိုပြီး လာငြင်းနေလို့ကွ”...
     “ဟေ့ယောင်တွေ... ဒီကောင်ပြောတာ မယုံကြနဲ့ကွ...။ ငါ့ခြေထောက်ကိုပဲ ရှပ်ထိသွားတာ”...
    ကုလားက ၀ပ်နေရာမှထ,ရင်း သူ့လူများကိုခပ်တည်တည်ဖြင့် ပြောနေသေးသည်။တာတူး သည်းမခံနိုင် တော့ပါ...။ ထို့ကြောင့်..
      “တော်ပြီကွာ...ကုလား..၊ မင်းတစ်အားအငြင်းသန်တယ်...၊ ဆော့တော့ဘူးကွာ..၊ မင်းနဲ့လည်း မခေါ် တော့ဘူးဟေ့ယောင်...၊ လာ ကြွက်နီတို့ ငါတို့ ပြန်ကြမယ်ဟေ့”....
      “ပြန်ပေါ့”...
      ကုလားက အရေးမစိုက်ဟန်ဖြင့်ပြော၏။ သူ့ဘက်မှ စာကလေးတို့တစ်သိုက်ကတော့ မျက်နှာမကောင်း ကြချေ...။ သွားခါနီးတွင် တာတူးတို့ဘက်မှဖိုးဝက မနေနိုင်တော့တာကြောင့် ကုလားကို စေ့စေ့ကြည့်ရင်း...
     “ဗမာ.... ဗမာ... လူလိမ္မာ....
      တရုတ်... တရုတ်... သောက်စားပုပ်...
      ကုလား... ကုလား.... ၀က်ချီးစား”...ဟု နာအောင်ခွပ်လေတော့သည်။ ပြောရမယ်ဆို... “ကုလား” ဆို တာ ဒီကောင့်နာမည် အရင်းမဟုတ်...။ သူက ဗမာစစ်စစ်...။ အသားမည်းသောကြောင့် တစ်ရပ်ကွက်လုံး က သူ့ကို “ကုလား”...ဟု ခေါ်ကြခြင်းသာ...။ သူ့နာမည်အရင်းက... မောင်မောင်နိုင်...။
     ဖိုးဝရဲ့ မှိုချိုး...၊ မြစ်ချိုး အပြောကို ကုလားကလည်း ငြိမ်ခံမနေပဲ ပက်ခ,နဲနေအောင် ပြန်ပြောလိုက်ပါ  သည်။
      “ဗမာ... ဗမာ.... လူ အိမ်သာ...
       တရုတ်... တရုတ်... သောက်စားပုပ်...
       ကုလား... ကုလား... အကောင်းစား”....
       စပြောသော ဖိုးဝတင်မက...၊ ကုလားဖက်မှ ကျန်သောသူများပါ...မျက်နှာတွေ ရှုံ့မဲ့ကုန်ကြလေတော့ ၏။ ကြည့်လေ... ကုလား..ဆိုတဲ့ကောင် ပြောသွားတာ.. ဗမာ.. ဗမာ.. လူအိမ်သာ..ဆိုပဲကိုး...။
       တာတူးက...
      “တော်ပြီကွာ...ကုလား...၊ မင်းမှတ်ထားနော်... မင်းနဲ့ ငါနဲ့ မခေါ်ဘူး...။ လာကွာ...ဟေ့ယောင်တွေ.... သွားကြမယ်”....
      တာတူးတို့ တစ်သိုက် ရပ်ကွက်ဘက်သို့ ခြေဦးလှည့်လိုက်ကြသည်။ နေမြင့်နေပြီမို့ တာတူးတို့တွေ အ သီးသီး ကိုယ့်အိမ်ကိုယ်ပြန်ခဲ့ကြလေတော့သည်။ ထမင်းစားချိန်နီးနေတာတောင် ပျောက်နေသေးသော တာတူးကို လိုက်ရှာနေခဲ့သည့်  အစ်မလတ်ဖြစ်သူနှင့် လမ်းတွင် တာတူးသွားဆုံတော့ ကစားမက်လွန်းလှ ချည်ရဲ့..ဟု မြည်တမ်းရင်း.. ခေါင်းတစ်ချက်ခေါက်တာကို ခံလိုက်ရသေး၏။
@@@@@@@@@@
         “နည်းသူထွက်... များသူလိုက်... ဗျောင်... နောင်... နောင်... ဗေ... ဗေ့... ဂျိ”...
        အိမ်ရှေ့လမ်းမပေါ်မှ ပူစူးမတို့တစ်သိုက်ရဲ့ ဗျောင်နောင်နောင်ဗေဗေ့ဂျိချနေကြသံများကြောင့် စား လက်စ, ထမင်းကို အမြန်ကုန်အောင် တာတူးစားနေမိ၏။ သူ့ပန်းကန်ထဲမှ ညစာထမင်းများ မြန်မြန်ကုန်မှ အိမ်အပြင်ထွက်ပြီး ကစားလို့ရမှာမို့လို့ပဲဖြစ်ပါသည်။ ဒါကိုရိပ်မိသော အစ်မလတ်က...
        “အငယ်ကောင်... ထမင်းကို ဖြည်းဖြည်းစားစမ်း.... တော်ကြာ နင်,နေဦးမယ်”....
        တာတူးခေါင်းငြိမ့်ပြရင်း.. ထမင်းကိုလက်စ,သတ်လိုက်၏။ သူ့ပန်းကန်ထဲတွင် ထမင်းကုန်ပြီ...။ ထပ် ယူချင်သေးသော်လည်း... မကစားလိုက်ရမှာစိုးပါသည်။ အိမ်နောက်ဖေးတွင် ပန်းကန်ဆေးပြီး ရေစိုနေဆဲ ဖြစ်သောလက်ကို ၀တ်ထားသောဘောင်းဘီတိုလေးဖြင့် အမေမသိအောင်ခိုးပြီး တာတူးပွတ်သုတ်လိုက်၏။ အမေသိရင် ဆူခံထိမှာသေချာပါသည်။
      “အမေ..သား အိမ်ရှေ့မှာသွားကစားမယ်နော်”....
      ထမင်းစားနေဆဲဖြစ်သော အမေ့ကိုခွင့်တောင်းရင်း... အဖေ့ကိုပါ တာတူးကြည့်မိသည်။ အဖေက တ တူးကို ပြုံးရင်းကြည့်နေလေသည်။ အမေက...
       “အိပ်ခါနီး အရမ်းပေကျံနေအောင် မဆော့နဲ့နော်...။ အနွေးထည်တွေပေကုန်ရင် ညပိုင်းကြီး မင်းကို အမေရေချိုးပေးမှာ...။ အဲ့ဒီကျမှ ချမ်းတယ်..အော်မနေနဲ့...ကြားလား”....
         “ဟုတ်”.....
         ဒီစကားလေးကို ပြောလိုက်ချိန်မှာတာတူးတစ်ယောက် လမ်းပေါ်ရောက်နေခဲ့ပြီ...။
         သူတို့ အိမ်ရှေ့လမ်းမီးတိုင်အောက်မှာ ရပ်ကွက်ထဲက ကလေးတွေတော်တော်စုံနေတာ တာတူးတွေ့ ရ၏။ စောစောက ဗျောင်နောင်နောင်ဗေဗေ့ဂျိ ချနေခဲ့သော ပူစူးမတို့တစ်သိုက်က စိန်ပြေးတမ်းကစားနေ ကြသည်။ ထမင်းစားပြီးကာစကြီးတော့ တာတူး စိန်ပြေးတမ်းမကစားချင်ပါ...။ ထို့ကြောင့် သူတို့ဘေးနားမှာ ခဏရပ်ကြည့်နေလိုက်သည်။ ထိုကစားပွဲထဲတွင် သူ့သူငယ်ချင်းများဖြစ်ကြသော ဖိုးဝတို့ မင်းမင်းတို့၊ ကြွက် နီတို့သာမက စာကလေးတို့ကိုပါတွေ့ရ၏။ အေးလေ... ဒီကောင်တွေနဲ့ ရန်ဖြစ်တာမှမဟုတ်ပဲ...၊ ကုလားနဲ့ ပဲ ရန်ဖြစ်ခဲ့တာ...ဟု တာတူးတွေးမိ၏။ ကုလားကိုတော့ မတွေ့ရ...။
     “ဟာ... တာတူး...လာပြီဟေ့”....
     ပြေးရင်းနှင့် တာတူးအနားကိုရောက်လာသော ဖိုးဝက အော်လိုက်သည်။ ကစားနေရင်းမှနေပြီး ပူစူးမတို့ က “ပါမလား”...ဟု လှမ်းမေးသည်။ တာတူးက...
    “ခဏရပ်ကြဦးဟာ”....
    “ဘာလဲ...ဟ”...
     အားလုံးက တာတူးအနားသို့ ရောက်လာကြ၏။ စိန်ပြေးတမ်းကစားပွဲလေး ခဏရပ်သွားသည်။ လိုက်နေ ရသူဖြစ်သော စာကလေးမှလွဲပြီး... အားလုံးက သိပ်မကျေနပ်ကြချင်...။
    “ဒီလိုလေဟာ... စိန်ပြေးတမ်းကစားရင်... ညပိုင်းကြီး ချော်လဲတတ်တယ်ဟ...၊ အဲ့ဒီတော့ ငါတို့တွေ က စားနည်းပြောင်းကစားကြမယ်ဟာ”...
     တာတူးက အကျိုးအကြောင်းနှင့် ရှင်းပြတာကို တချို့ကလက်ခံကြသည်။ တစ်ချို့က လက်မခံချင်ကြ သေးသလိုလိုပုံစံမျိုးတွေနှင့်...။ စပ်စုတတ်သော ပူစူးမက မေးသည်။
      “ဘာတမ်း ကစားမှာလဲဟ...နင်က”....
      “၀ိုင်းကြီးပတ်ပတ်... ဒူဝေေ၀တမ်းကစားကြမယ်လေ... အဲ့ဒါဆို ဘယ်သူမှ လိုက်စရာမလိုဘူး...၊ အား လုံးပတ်ချာလည်နဲ့ ပျော်စရာကြီး”....
      ခပ်ဆွယ်ဆွယ်လေးပြောလိုက်သော တာတူးရဲ့စကားကြောင့် အားလုံးက “ကောင်းတယ်... ကောင်း... တယ်”...ဟု ထောက်ခံကြလေတော့သည်။
      “ကဲ..ကဲ... ဒါဆို တစ်ယောက်လက်... တစ်ယောက် ချိတ်ထားကြတော့ဟေ့”...
       လောဆော်စွာပြောလိုက်သော တာတူးရဲ့ အသံအဆုံး သူတို့တွေ တစ်ယောက်လက်ကို တစ်ယောက် အလုအယက်ချိတ်ကြလိုက်လေတော့သည်။ ကလေးဆယ့်နှစ်ယောက်စာဝိုင်းကြီးမို့ သူတို့ဝိုင်းကအကြီးကြီး ပင်ဖြစ်နေတော့၏။
        “ငါလည်း...ပါမယ်”....
       ပြောပြောဆိုဆိုဖြင့် အော်ရင်း အနားသို့ရောက်လာသော ကုလားက တာတူးကိုကြည့်ရင်းဆို၏။ တာ တူးက မနက်တုန်းက ရန်ပွဲကို အခဲမကြေသေးသလို ကုလားကိုကြည့်ရင်....
      “မပါနဲ့”.... ဟု ခပ်ပြတ်ပြတ် အော်ပြောလိုက်၏။
       ကုလား မျက်နှာလေး..ငယ်သွားသည်။ လူအများကြီးဖြင့် ပျော်စရာကောင်းနေသော သူတို့ အ၀ိုင်းကြီး ကို တစ်ချက်ကြည့်ရင်း....
      “ပါမယ်ကွာ.... ဘာလည်း... မင်းက ငါနဲ့ မခေါ်ချင်သေးဘူးလားကွာ”....
        ဟု... ညှိုးငယ်စွာပြောလေသည်။ တာတူးစိတ်ထဲတွင် ကုလားကို သနားစိတ်ဝင်သွားမိသည်။ ခါတိုင်း ဆို... ရန်ဖြစ်ပြီး အရင်စ,လာခေါ်သူကို သူတို့ပြောနေကျ....
       “မခေါ်ဘဲနဲ့ ... လာခေါ်တယ်....
        ပဲဟင်းတစ်ခွက်.... လာပေးတယ်...
        အားနာလို့.... ယူလိုက်တယ်....
        နံနံပင်နဲ့ .... ပဲပြုတ်....
        ဟေ့... ကုလားစုတ်”.... ဟုလည်း...ပြောချင်စိတ်မရှိတော့...။  ကျန်သည့် လူများဖက်ကို တာတူး လှမ်းကြည့်မိလိုက်တော့ အကုန်လုံးက..ကုလားကို ပါစေချင်သော မျက်နှာထားလေးများနှင့်...။ ကုလားက အားလုံးကို သနားဖွယ်မျက်နှာပေးဖြင့် တစ်ချက်ကြည့်ရင်း တာတူးကို...
      “ငါလည်းပါချင်လို့ပါ တာတူးရာ...နော်...၊ ဟိုတစ်ခါ ငါတို့တွေ ထုပ်ဆီးတိုးကြတုန်းက မင်းလည်း ငါ့ကို ငြင်းတာပါပဲကွာ...။ ထမင်းရေပူစည်းကို မင်းတက်နင်းမိလို့ ငါပြောတော့ မင်းက နည်းနည်းလေးပဲတက်နင်း မိတာ...၊ ငါ့ခြေထောက်တောင်မှ မပူသွားပါဘူးလို့ မင်းလည်းပြောခဲ့တယ်လေကွာ...၊ ဘဲစား... ဘဲချေပဲလေ ကွာနော်”....
      သနားစဖွယ် ကုလားရဲ့မျက်နှာလေးနှင့် စကားသံကြောင့် တာတူးတစ်ယောက် ဟိုတစ်ပတ်တုန်းက သူ နှင့် ကုလားတို့ ထုပ်ဆီးတိုးတမ်းကစားတုန်းက အဖြစ်လေးကို သွားသတိရမိလိုက်၏။ ဟုတ်သည်၊ တာ တူးလည်း ကုလားကိုငြင်းခဲ့ဖူးသည်ပဲလေ...၊ ထမင်းရည်ပူစည်းတက်နင်းမိတုန်းက..။ ဘဲစား ဘဲချေပဲပေါ့...။
      “အေးပါကွာ... မင်းပါလို့ရပါတယ်”....
      တာတူးရဲ့ စကားသံအဆုံးတွင် ကျန်သောသူများက ဟေး...ခ,နဲ အော်လိုက်ကြလေတော့၏။ ကုလား က ပျော်ရွှင်မြူးထူးစွာဖြင့် ၀ိုင်းအလယ်ကောင်သို့ဝင်ပြီး... အသံကုန်ဟစ်ကာ အော်လေတော့သည်။
    “၀ိုင်းကြီး...၀ိုင်းကြီး...ဘယ်လောက်ကြီး”....
     “ဟော...ဒီလောက်ကြီး”....
     တာတူးဦးဆောင်သော လူအ၀ိုင်းကြီးမှ ကုလားကို တုန့်ပြန်စွာအော်လိုက်လေတော့၏။ ကုလားကဆက် ပြီး....
    “၀ိုင်းလေ... ၀ိုင်းလေး... ဘယ်လောက်သေး”....
    “ ဟော...ဒီလောက်သေး”.....
    “မအေး.. ခြင်ထောင် ဘယ်လောက်ပေးရတယ်”....
     “ငါးမူးတစ်ကျပ်.... ပေးရတယ်.”.....
     “ငါ့ကိုပြန်ရောင်းမလား”....
      “မရောင်းဘူး.... မေမေဆူလိမ့်မယ်”....
      “မေမေဆူရင်... ငါ့ဆီပြေးခဲ့”.....
      တာတူးတို့ တစ်သိုက် ဆူညံစွာ... ဟစ်အော်လိုက်ပါတော့သည်။
       “၀ိုင်းကြီးပတ်....ပတ်....ဒူ..ဝေ...ဝေ”....
       “၀ိုင်းကြီးပတ်....ပတ်....ဒူ..ဝေ...ဝေ”....
@@@@@@@@@@
     လမ်းမပေါ်ကို အလင်းရောင် ဖြန့်ကျက်ပေးနေခဲ့သော လမ်းမီးတိုင်ကြီးက တာတူးတို့ ကလေးတစ် သိုက်ကို ပြုံး၍ ကြည့်နေခဲ့သလိုလိုပင်...။             ။
=======================================================
ပုံလေးကိုဒီနေရာလေး မှယူသုံးပါတယ်ခင်ဗျာ....။
=======================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို