Tuesday, September 28, 2010

ရေစီးထဲမှာ......

စမ်းရေထဲတွင် ပန်းတွေမျောပါနေကြသည်။
စမ်းချောင်းလေးက သိပ်မကျယ်လှ.....။
သို့သော်လည်းအောက်ခြေကို ခန့်မှန်းကြည့်မိလို့မရနိုင်လောက်အောင်ပင် နက်ရှိုင်းလှ၏။
ထို့အပြင် အဆုံးအစမဲ့သည်ဟု.... ထင်ရလောက်အောင်ပင် ရှည်လျားလှသေးသည်။ ခရီးဆုံး ဘယ်ဆီမှာ မ သိနိုင်လောက်အောင်ပင်ဖြစ်ရ၏။
စမ်းချောင်းလေးသည် နက်ရှိုင်းလှစွာသောတောအုပ်တစ်ခုအတွင်းတွင် ဖြတ်သန်းစီးဆင်းနေခဲ့တာဖြစ်၏။



ဘေးတစ်ဖက်တစ်ချက်မှတောအုပ်ထဲတွင် အဖိုးတန်၊ ရှားပါးတိရစ္ဆာန်များနှင့် သဘာဝသယံဇာတများရှိသည်။ ထို့အပြင် သိပ်သည်းစွာဖွဲ့စည်းထားသော တောမာယာနှင့် အန္တရာယ်အသွယ်သွယ်တို့လည်းရှိနေသေး၏။

သို့သော်လည်း စမ်းချောင်းကလေးသည် မြည်သံစွဲအလင်္ကာတစ်ခုကို ရေစီးသံအသွင်ဖြင့်မြည်တမ်းစေလျှက် ခပ်တိုးတိုးစီးဆင်းနေခဲ့လေသည်။

တစ်ခါတရံတွင် စီးဆင်းနေသော စမ်းချောင်းကလေးရဲ့မျက်နှာပြင်ထက်ကို နူးညံ့သောလေပြေညင်းများက ထိခတ်ရှိုက်နမ်းသွားကြသလို....၊ တစ်ခါတစ်လေတွင်တော့ လေနီကြမ်းမုန်တိုင်းများက ခပ်ကြမ်းကြမ်းပင် ရိုက်ခတ်နင်းဖြတ်သွားတတ်ကြသေးသည်။

မည်သို့ပင်ဖြစ်ပါစေ......
စမ်းချောင်းကလေးထဲမှရေစီးကြောင်းလေးထဲတွင် ပန်းပွင့်လေးများကတော့ ဥတုသုံးလီ၊ ရာသီမရွေးပဲ ရွေ့ လျားစီးဆင်း မျောပါနေကြ၏။

~~~~@@@~~~~

ရေစီးကြောင်းလေးတစ်ခုအတွင်းမှပန်းပွင့်လေးများသည် အရောင်အသွေးစုံဖြစ်၏။ တစ်မျိုးစီလှကြတာမို့ လှပ ပုံခြင်းမတူညီကြ။ ထို့အပြင် ရနံ့နှင့် ပုံပန်းသဏ္ဍာန်လည်း ကွဲပြားကြသေးသည်။ အချို့မှာ တူသယောင်ရှိသည် ထင်ရသော်လည်း သေချာကြည့်သောအခါ(ကြည့်တတ်လာသောအခါ) ကွဲပြားခြားနားလာမှန်းသိရတော့၏။ အချို့ပန်းပွင့်များမှာ ရင့်ကျက်၊ တည်ငြိမ်စွာ လှ၏။ အချို့ပန်းပွင့်များမှာ နုပျို၊ တက်ကြွစွာ လှ၏။ အချို့မှာ ပူ လောင်စွာလှပနေကြပြီး အချို့မှာ ငြိမ်းချမ်းစွာလှပနေခဲ့ကြ၏။ သို့သော် ခြုံငုံပြီးသုံးသပ်ကြည့်မည်ဆိုလျှင် ပန်း ပွင့်အားလုံးလိုလို လှပကြသည်။

ထို့အပြင် ပန်းပွင့်လေးများသည် ရနံ့စုံလင်လွန်းလှ၏။ ပန်းပွင့်တစ်ပွင့်တိုင်းစီတွင် ရနံ့တစ်မျိုးစီရှိသည်။ သို့သော် အချို့ပန်းပွင့်လေးများမှာ ရနံ့ပေါင်းစုံမွှေးတတ်ပြန်လေ၏။ ထိုအခါ ထုံသင်းလွန်းသောကြောင့် ရနံ့ မှာ ခပ်အီအီဖြစ်သွားတတ်သည်။ ပန်းပွင့်လေးများဆီမှ ကိုယ်စီထုတ်လွှတ်တတ်သောရနံ့များကြောင့် လေထု ထဲတွင် ၀ဲပျံနေခဲ့လေသော ပျား၊ ပိတုန်းနှင့် လိပ်ပြာလေးများသည် ရစ်ဝဲစွာဖြင့် နားခိုတတ်ကြလေ၏။ သို့ သော် ရနံ့မွှေးခဲ့လွန်းသောပန်းပွင့်လေးများပေါ်တွင်သိပ်သည်းဆများစွာဖြင့် ပျား၊ ပိတုန်းနှင့် လိပ်ပြာလေးများ ခိုနားတတ်ကြသည်။ မြင်ရသူတိုင်းနှစ်သက်ကြည်နူးဖွယ် မြင်ကွင်းလေးပင်ဖြစ်လေ၏။

ရေစီးကြောင်းထဲတွင် အတူတူစီးမျောရင်း ပန်းပွင့်လေးများသည် နီးစပ်ရာအချင်းချင်း ထိစပ်စွာ အပြန်အလှန် နမ်းရှိုက်တတ်ကြပြန်သေးသည်။ သို့သော် အလှမ်းဝေးကွာလွန်းသော နေရာတွင်စီးဆင်းမျောပါနေသော ပန်း ပွင့်လေးများကိုမူ ထိစပ်ရန်၊ နမ်းရှိုက်ရန် အခွင့်မသာခဲ့ပြန်ကြပေ...။

မည်သို့ပင်ဖြစ်ပါစေ....။
ရေစီးကြောင်းထဲတွင်တော့ ပန်းပွင့်ကလေးများသည် ရွေ့လျားမျောပါနေခဲ့ကြ၏။

~~~~~@@@~~~~~

ပန်းပွင့်လေးများ ရေစီးထဲတွင်မျောပါနေပုံမှာလည်း ရုတ်တရက်ကြည့်လျှင် အတူတူဟု ထင်နိုင်စရာဖြစ်၏။ သို့သော်.... သေသေချာချာကြည့်လေသောအခါ......

အချို့က အရှိန်အဟုန်ကောင်းကောင်းဖြင့် သပ်သပ်ရပ်ရပ် စီးဆင်းနေကြ၏။

အချို့က အရှိန်အဟုန်ကောင်းသော်လည်း ဖရိုဖရဲဖြင့် စီးဆင်းကြ၏။

အချို့က တည်ငြိမ်စွာ ဖြည်းဖြည်းမှန်မှန်စီးဆင်းကြ၏။

အချို့က ဖြည်းဖြည်းမှန်မှန်စီးဆင်းသော်လည်း....ဟိုချောင်ကပ်၊ ဒီချောင်ကပ်ဖြင့် မတည်မငြိမ်စွာစီးဆင်းကြ ပြန်လေသည်။

အချို့က အစပိုင်းတွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် စီးဆင်းသော်လည်း နောက်ပိုင်းတွင် ဖြေးဖြေးမှန်မှန် စီးဆင်းသွားကြ၏။

အချို့က အစပိုင်းကတည်းက ဖြည်းဖြည်းမှန်မှန်စီးဆင်းသွားနေကြတာ.....ခရီးဆုံးမရောက်ခင်အထိ....။

အချို့က အစပိုင်းတွင် မှန်မှန်စီးဆင်းနေသော်လည်း ရုတ်တရက်ကောက်ကာငင်ကာ အရှိန်အဟုန်ဖြင့် စီးဆင်းမျောပါကြပြန်လေ၏။ ထိုအခါ သပ်ရပ်မှုရှိဖို့ အတော့်ကိုကြိုးစားကြရပြန်လေသည်။

အချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် စီးဆင်းနေရင်း လမ်းခုလတ်တွင် နစ်မြုပ်သွားကြ၏။
အချို့က ကိုယ်တိုင်ပြန်နှစ်မြုပ်ပစ်လိုက်ကြပြန်သည်။

ထိုအခါ ကျန်သောပန်းပွင့်လေးများက နှမြောတသဖြစ်စွာဖြင့် ၀မ်းနည်းစွာရေရွတ်ညည်းတွားတတ်ကြလေ၏။ သို့သော်ကြာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ကြပြန်သေး၏။

ရံဖန်ရံခါဆိုသလို ရေစီးကြောင်းထဲတွင် အသစ်အသစ်သော ပန်းပွင့်လတ်လတ်ဆတ်ဆတ်လေးများစွာ စုပြုံ စီးဆင်းတာကိုလည်း မြင်တွေ့နိုင်ကြသေးသည်။ပန်းပွင့်အသစ်လေးများ စီးဆင်းမျောပါကြသည်ကိုမြင်ရသော မြင်ကွင်းလေးများသည် ပြောရမည်ဆိုလျှင် တက်ကြွ၊ လန်းဆန်းလွန်းနေခဲ့သည်။ မြင်သူတိုင်းနှစ်သက်ဖွယ် ပင်ဖြစ်လေ၏။

မည်သို့ပင်ဖြစ်ပါစေ ပန်းပွင့်လေးများသည် ရေစီးကြောင်းထဲတွင် ရွေ့လျားမျောပါနေခဲ့ကြဆဲဖြစ်၏။ မျောပါနေ ခဲ့ကြဦးမည်မှာ သေချာနေပြန်လေသည်။ ခရီးဆုံးမရောက်ခင်အထိဟု ပြောလျှင်ရနိုင်မည်ထင်ပါသည်။

ထိုအထဲတွင် ရနံ့မရှိသော သစ်ရွက်ဆွေးတစ်ရွက်သည် ဟိုချောင်ကပ်၊ ဒီချောင်ကပ်ဖြင့် တွန့်ဆုတ်၊ တွန့်ဆုတ် နိုင်စွာ စီးဆင်းမျောပါနေခဲ့လေသည်။ မည်သည့်အချိန်တွင် နှစ်မြုပ်သွားမလဲ.....၊ ကိုယ်တိုင်ပြန် နှစ်မြုပ်ပစ်လိုက်မိမလဲ....ဆိုတာ ထိုသစ်ရွက်ဆွေးကိုယ်တိုင်ပင် ဘာသာပြန်ပြီး မသေချာခဲ့သေး.....။ သေချာ သည်ကတော့ အချိန်ကစကားပြောသွားလိမ့်မည်..... ထင်၏။

~~~~~@@@~~~~~

စမ်းရေထဲတွင် ပန်းတွေမျောပါနေခဲ့ကြလေသည်။

                            
                            ~~~~~@@@~~~~~@@@~~~~~@@@~~~~~



ပြောချင်တာလေးတချို့.....
~~~~~~~~~~~~~~~~~~

ပြီးခဲ့တဲ့ရက်ကမှ ကျွန်တော့်ဘလော့ဂ်လေးကို သေသေချာချာပြန်ကြည့်မိတော့ တစ်နှစ်ကျော်သွားခဲ့တာကို သတိထားမိလိုက်ရပါတယ်...။ အထိမ်းအမှတ်နေ့တွေနဲ့ သိပ်ရင်းနှီးကျွမ်းဝင်စွာမရှိတတ်တဲ့အတွက် ကိုယ့်ရဲ့ ကိုယ်ပိုင်ဘလော့ဂ်လေး တစ်နှစ်ပြည့်သွားတာကို ခုမှသိရပါတယ်....။ သိလိုက်ရတော့ အမှတ်တရတစ်ခုခု ရေးချင်လာလို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ.....။

အားလပ်ချိန်နည်းလွန်းလှတဲ့ ကျွန်တော့်အတွက် အလုပ်က ကင်တင်း(န်)ဆင်းချိန်တွေမှာ စာအုပ်ထဲမှာရေး၊ အိမ်ပြန်ရောက်တော့ စက်ထဲမှာပြန်ရိုက်ထည့်ပြီးဆက်ရေးနဲ့ ရေးဖြစ်ခဲ့တဲ့ မတောက်တခေါက်စာလေးတွေကို ဟိုးတုန်းကတည်းကနေပြီး...ခုချိန်ထိ လာရောက်ဖတ်ရှုပေးနေခဲ့တဲ့.....၊ ပေးနေဆဲဖြစ်တဲ့....ရေးဖော်ရေးဖက် မောင်နှမတချို့နဲ့ စာဖတ်ပေးသူ သူငယ်ချင်းမောင်နှမများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ဒီနေ ရာလေးကနေပြီး လေးစားချစ်ခင်စွာ ပြောလိုက်ပါတယ်ခင်ဗျာ....။

အခုနောက်ပိုင်း ကျန်းမာရေးအခြေအနေကြောင့်ရယ်...၊ စိတ်ခံစားမှုအခြေအနေတချို့ကြောင့်ရယ် စတာတွေ ပေါင်းပြီး ကျွန်တော် ဘလော့ဂ်သိပ်မလည်ဖြစ်တော့၊ မဖတ်ဖြစ်တော့ပေမယ့်.....ကျွန်တော်ရေးချင်တာလေး တွေကိုရေးပြီးတင်လိုက်မိတိုင်း......လာရောက်ဖတ်ရှုအားပေးရင်း ကွန်မန့်လေးတွေချန်သွား၊ စီဘောက်မှာ နှုတ်ဆက်သွားကြတဲ့(လူနည်းစု)မောင်နှမတချို့ကိုလည်း လေးနက်စွာကျေးဇူးတင်ကြောင်းထပ်ပြီးပြောချင်ပါ သေးတယ်ဗျာ....။

စာလာဖတ်ပေမယ့် ကွန့်မန့်မချန်ဖြစ်၊ စီဘောက်မှာမနှုတ်ဆက်ဖြစ်ခဲ့တဲ့ အမည်မသိ စာဖတ်သူ သူငယ်ချင်း မောင်နှမများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေခင်ဗျာ.....။

တစ်နှစ်ကျော်ကျော်လုံးနေမှ ကျွန်တော်ကိုယ်တိုင်ရေးတဲ့ ကဗျာ၊ ၀တ္တုတို၊ အက်ဆေးနဲ့ ခံစားမှုစာစု စတဲ့ စာ တိုပေစ (၆၄) ပုဒ်လောက်မှာ ကိုယ်တိုင်မရည်ရွယ်ခဲ့မိပေမယ့် ဖတ်မိခဲ့သူတချို့အတွက် စိတ်အနှောက်အ ယှက်ဖြစ်စေခဲ့မယ်ဆိုရင် ဒီနေရာလေးကနေပြီးနူးညွှတ်စွာ တောင်းပန်အပ်ပါတယ်ခင်ဗျာ....။

~~~~~~~~~~

=====================================================
ဒီပို့စ်ထဲမှာ ပါတဲ့ သီချင်းလေးက မလေး (မအိမ့်ချမ်းမြေ့) ဆီကနေ ကျွန်တော် ခိုးထားတာပါ....:D
ပုံလေးကိုတော့ ဒီနေရာလေးကနေ ယူသုံးခဲ့ပါတယ်ခင်ဗျာ.....။
=====================================================
ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို
(ရေစီးထဲမှာ......)

Sunday, September 19, 2010

ထင်



သူအိပ်မက် မက်နေခဲ့သည်။
အိပ်မက်ထဲတွင် ဇာတိမြို့ဖြစ်သော ရန်ကုန်မြို့သို့ သူပြန်ရောက်နေခဲ့၏။ ရန်ကုန်မြို့ထဲမှလမ်းမများပေါ်တွင် လွမ်းဆွတ်တမ်းတခြင်းများစွာဖြင့် သူလျှောက်သွားနေခဲ့သည်။ မမြင်တာကြာလို့လားတော့မသိ..၊ သူ့မြင် ကွင်း ထဲမှရန်ကုန်မြို့က နည်းနည်းဟောင်းသွားသလိုရှိနေလေ၏။ သို့သော် ဒါသူ့စိတ်အထင်သက်သက် လည်းဖြစ်နေနိုင်သည်။ ပြည်ပတွင် နှစ်အနည်းငယ်ကြာအလုပ်လုပ်ရင်းနေထိုင်ခဲ့ရဖူးသော သူ့ကိုယ်ပိုင် မျက်လုံးများရဲ့ လှည့်ဖျားမှုတစ်ခုအောက်တွင် သူကိုယ်တိုင်သားကောင်ဖြစ်နေခဲ့လေသလား မပြောတတ် တော့....။ သို့သော် ဘာပဲဖြစ်နေနေ ဒီမြို့ကို သူသိပ်ချစ်သည်။ ခင်တွယ်သည်။

အနော်ရထာလမ်းမပေါ်ရှိ ပလက်ဖောင်းတစ်လျှောက်တွင် သူဖြတ်သန်းလျှောက်လှမ်းနေမိသည်။ ဈေးသည် များသည် ကျဉ်းမြောင်းသောပလက်ဖောင်းပေါ်တွင် အပြိုင်အဆိုင်တည်ခင်းရောင်းချနေကြ၏။ ၀ယ်ပါ...၊ ယူ ပါ..တစာစာဖြင့်လည်း အော်ဟစ်ညည်းညူနေခဲ့ကြသေး၏။ ပလက်ဖောင်းပေါ်မေးတင်ကာဖွင့်ထားသော ဆိုင် ခန်းတချို့မှဖွင့်ထားသောသီချင်းသံများကလည်း ဆူညံအက်ကွဲစွာဖြင့် လမ်းပေါ်ကိုအတုံးအရုံးဖိတ်စင် အန်ကျ နေခဲ့လေသည်။

ပလက်ဖောင်းဘေးမှ ကားလမ်းမပေါ်တွင် ကားများက ဥဒဟိုသွားလာနေကြသည်။ ကားစက်သံများက လည်း ကြေကွဲစွာဖြင့်ဆူညံနေခဲ့ကြပြန်၏။ ထိုကားလမ်းမများပေါ်တွင် မီးပွိုင့်များရှိလေသည်။ မီးပွိုင့်များမှ မီးနီလျှင် ကားများက ခေတ္တခဏရပ်တန့်ကြရသည်။ သို့သော် မီးစိမ်းသွားပြီဆိုလျှင် အလုအယက်ဖြတ်သန်း မောင်းနှင်ကြတော့၏။ ထိုအချက်ပြမီးရောင်နှစ်ခုကြားထဲမှ အ၀ါရောင်မီးသည် အရေးမပါသလိုများဖြစ်နေ ခဲ့လေမလား...ဟု သူခပ်ဝါးဝါးတွေးမိပြန်သည်။ သို့သော် အ၀ါရောင်မီးကတော့ဖြင့် သူ့တာဝန်ကိုသူ ကျေပွန် စွာထမ်းရွက်နေခဲ့ရင်း မှိတ်ချည်တစ်ခါ...၊ လင်းချည်တစ်လှည့်ဖြင့် ရှိနေခဲ့လေ၏။

ကားလမ်းမပေါ်တွင်ရှိသောမီးပွိုင့်များကြောင့် လားရာမတူညီစွာရွေ့လျားမောင်းနှင်နေခဲ့သော ယာဉ်အမျိုး မျိုးသည် အချင်းချင်းထိခိုက်မှုမရှိပဲ လိုရာအရပ်ရှိရာဆီဖြတ်သန်းမောင်းနှင်နိုင်ကြလေသည်။ သို့သော် နားလည်မှု၊ စည်းကမ်းသေ၀ပ်မှုလွဲချော်သွားတတ်သော တစ်ခါတရံများတွင်တော့ ထိုမီးပွိုင့်နားတစ်ဝိုက် တွင်ပင် မော်တော်ယာဉ်အချင်းချင်းထိစပ်ကာ ချိတ်တွယ်နမ်းရှိုက်မိတတ်ကြလေသည်။ ထိုဖြစ်ရပ်ကို ယာဉ် တိုက်မှုဟု အမည်ပေးတတ်ကြပြီး ထိုနာမည်အောက်တွင် ပြဿနာဆိုသောအရာက မွေးဖွားလာတတ်လေ တော့၏။ ထိုအခါ ပြဿနာဆိုသောအရာထဲတွင် ငြင်းခုန်မှု၊ အနိုင်ရလိုမှု၊ ဒေါသဖြစ်မှု၊ ရန်လိုမှု၊ ထိခိုက်နစ် နာဆုံးရှုံးမှု၊ ၀မ်းနည်းနာကျင်မှု....စသည်တို့က အချိုးကျကျ ရောစပ်ပျော်ဝင်ကာ တပျော်တပါးကြီးစီးဆင်း တတ်ကြလေတော့၏။

ပလက်ဖောင်းပေါ်တွင်တော့ လူအများဖြတ်သန်းသွားလာနေကြသည်။ သို့သော် ဦးတည်ရာခြင်းကတော့ဖြင့် မတူညီခဲ့ကြ...။ အချို့က အရှေ့မှအနောက်....၊ အချို့က အနောက်မှအရှေ့.....၊ အချို့က ဦးတည်ရာမဲ့စွာ ဖြင့်....။

ပလက်ဖောင်းပေါ်တွင်တော့ မီးပွိုင့်မရှိ...၊ ထို့ကြောင့် လူများသည်အဆင်ပြေသလိုသာ သွားကြရလေသည်။ အဆင်မပြေသောခဏတာအချို့တွင် တစ်ယောက်နှင့်တစ်ယောက် ၀င်တိုက်မိတတ်ကြလေတော့၏။

~~~~~@@@~~~~~


“ဟာ....ဟေ့လူ....၊ ခင်ဗျား လူတစ်ယောက်လုံးတောင်မမြင်ဘူးလားဗျ”......

“ဆောရီးပါခင်ဗျာ.....၊ ကျွန်တော်တောင်းပန်ပါတယ်”.....

ဘယ်သူအရင်စပြီးဝင်တိုက်မိမှန်းမသိသော်လည်း တော်တော်အောင့်သွားသော ဘယ်ဖက်လက်မောင်းကို ညာလက်ဖြင့်အသာဖိရင်း သူခပ်မြန်မြန်လေးတောင်းပန်လိုက်မိသည်။ ထို့အတူ အိပ်မက်ထဲမှာပင် ပတ်ဝန်း ကျင်ကိုငေးမောရင်း အတွေးထဲနစ်နေတတ်မိသော သူ့ကိုယ်သူ ပြန်ကျိန်ဆဲမိရ၏။ သို့သော် သူ့တောင်းပန်မှု ကို တစ်ဖက်လူငယ်မှ သိပ်ကျေနပ်ဟန်မတူ။ ပါးစပ်မှ ခပ်တိုးတိုးတစ်ချက်ဆဲလိုက်ရင်း ကျယ်လောင်စွာဖြင့် ပြောလေသည်။

“ဟွင်း.....ဘယ်လိုလူမှန်းမသိပါဘူး...။ ဟိုငေး...ဒီငေး အူကြောင်ကြောင်နဲ့.....။ အဆိုတော်တစ်ယောက် လုံးကိုတောင်မမြင်ပဲ ၀င်တိုက်ရတယ်လို့”.....

သူအံ့သြသွားသည်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပင် သူနှင့်ဝင်တိုက်မိသောသူက အဆိုတော်တစ်ယောက် ဖြစ်နေခဲ့တာမို့ဖြစ်၏။

“ဟောဗျ....၊ ခင်ဗျားက အဆိုတော်လား....။ ဒါဆို တိုက်မိတာကို ကျွန်တော်ထပ်တောင်းပန်ပါတယ်ဗျာ။ တွေ့ ရတာလည်း ၀မ်းသာပါတယ်...။ ကျွန်တော်က အနုပညာကိုခံစားတတ်လွန်းသူတစ်ယောက်ပါ”...

ပြာပြာသလဲပြောလိုက်သော သူ့လေသံနှင့်အမူအယာကြောင့် ထိုလူငယ်က ငါးသလဲထိုးပြုံးပြုံးရင်း....

“ဟုတ်တယ်....ကျုပ်က အဆိုတော်ပဲဗျ”.....

“နာမည်.....ဘယ်သူ”.....

သိချင်ဇောဖြင့် သူမေးမိလိုက်၏။ ထိုအခါ အမှိုက်ပုံလေမွှေ့ခံထားရသော ဆံပင်ပုံစံခပ်ဆန်းဆန်းဖြင့်ထိုလူ ငယ်က ဆောင့်ဆောင့်အောင့်အောင့်ပြန်ဖြေလေသည်။ ‘ဒါလေးတောင် ခင်ဗျားမသိဘူးလား’..ဟုဆိုချင် သည့် လေသံနှင့်ပင်ဖြစ်၏။

“ကျုပ်နာမည်က ‘မိုးမြင့်အာကာထွဋ်ဖျားဝတိံသာ’.....တဲ့ဗျ....မှတ်ထား။ နာမည်နည်းနည်းရှိတဲ့အဆိုတော် တစ်ယောက်နှစ်ယောက်လောက်နဲ့ အသစ်တွေအများကြီးပါတဲ့ အတွဲခွေတစ်ခွေမှာ ကော်ပီသီချင်းတစ် ပုဒ်ကို ပိုက်ဆံပေးပြီးဝင်ဆိုဖူးထားတယ်”.....

“သြော်.....တစ်ပုဒ်တည်းလား.....ခင်ဗျားဆိုဖူးတာ...၊ နေပါဦး...အဲ့ဒီအခွေနာမည်က ဘာလဲဗျာ....၊ ပြီး တော့ ဘယ်တုန်းကထွက်တာတုန်းဗျ....။ ကျွန်တော်နဲ့ အမှတ်တမဲ့ဝင်တိုက်မိတဲ့ အဆိုတော်ရဲ့အခွေမို့ အ မှတ်တရ ၀ယ်သိမ်းထားချင်လို့ပါခင်ဗျာ”......

သူ့အမေးကို ထိုလူငယ်က မော်ကြွားစွာပြုံးရင်း....၊ နောက် သူ့ကို အထင်သေးသလိုကြည့်ရင်းဖြေလေ၏။

“ခွေထွက်တာကတော့ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကပါပဲ..။ ခွေနာမည်က ‘ရှက်ကီသောက်တိုင်းလွမ်းတယ်’ တဲ့”

ထိုလူငယ်၏စကားကို နာခံသလိုပုံစံမျိုးနှင့် ယောင်တောင်တောင်ဖြစ်ကာ သူခေါင်းငြိမ့်ပြလိုက်မိသွား သေး၏။ ‘ရှက်ကီသောက်တိုင်း လွမ်းတယ်’.....ဆိုတော့ အရက်သောက်တိုင်း လွမ်းတယ်ပေါ့.....ဟု သူ့ဘာသာသူပင် အခွေနာမည်ကို အဓိပ္ပါယ်ဖွင့်နေမိလိုက်သေးသည်။ သို့သော် ဒီအခွေနာမည်ကို သူမကြား ဖူးခဲ့ရိုးအမှန်ဖြစ်၏။ သူနေသော ပြည်ပနိုင်ငံငယ်လေးဆီကိုရောက်လာသမျှသော မြန်မာဗွီစီဒီကာရာအိုကေ အခွေတော်တော်များများကို သူနားထောင်ဖူးပေမယ့် ထိုအထဲတွင် မတွေ့မိခဲ့ဖူး။ နောက်ပြီး မစို့မပို့ သုံးနေ တတ်သော အင်တာနက်ထဲတွင်လည်း မတွေ့ခဲ့မိသလိုလို.....။

ထို့ကြောင့် ဇဝေဇ၀ါနိုင်လှစွာဖြင့် သူမေးမိလိုက်ပြန်၏။ အခြားလမ်းသွားလမ်းလာများက သူတို့နှစ်ယောက် ကို တစ်ခါတရံတွန်းတိုက်သွားတတ်ကြသေးတာကိုလည်း ရှောင်ရသေးသည်။

“အဲ့ဒီအခွေက ပေါက်လားဗျာ....၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကထွက်တဲ့ အဲ့ဒီအခွေကို ကျွန်တော်တော့ အခုထိ နားမထောင်ဖူးသေး”....

“တော်.....စမ်း.....ပါ.....ဗျာ”......

သူ့စကားတောင် မဆုံးလိုက်ရ...။ ထိုလူငယ်က ဖြတ်ဟောက်သည်။ နောက် ဆက်ပြောလေ၏။

“ဒီမှာ ခင်ဗျားမှတ်ထား....၊ ခွေပေါက်တာ မပေါက်တာက ကုသိုလ်ကံနဲ့ဆိုင်တယ်....။ ကျုပ်နဲ့အဝေးကြီးပဲ....။ ကျုပ်ကတော့ နောက်ထပ် ၀င်ဆိုဖို့ ပိုက်ဆံမရှိတော့လို့ ၀င်မဆိုဖြစ်သေးပေမယ့် အခွေတစ်ခွေထဲမှာ သီချင်းတစ်ပုဒ် ၀င်ဆိုဖူးထားတယ်လေ...။ အဲ့ဒီတော့ ကျုပ်က အဆိုတော်ပဲပေါ့...။ ကဲ...ခင်ဗျားဘာ ပြောချင်လဲ”....

သူ့ကို လက်အောက်ငယ်သားတစ်ယောက်လို့ မျက်နှာခပ်မာမာဖြင့် ဖိဟောက်သလိုပြောနေသော ထိုလူ ငယ်ကိုကြည့်ရင်း သူခေါင်းခါပြလိုက်မိ၏။ “အေးလေ.. သူက အဆိုတော်မှ အဆိုတော်ဆိုတော့လည်း ငါက လည်း သူ့ကို အဆိုတော်လို့ မှတ်ပေးရုံပေါ့”.....ဟုစိတ်ထဲမှ ကျိတ်တွေးမိလိုက်သေးသည်။

ထိုအခါကျမှ လူငယ်က သူ့ကိုဂြိုလ်ကြည့်ကြည့်ရင်း လှည့်ထွက်သွားရန်ပြင်၏။ သို့သော် မသွားခင် တစ်ခုခု ကို သတိရသွားဟန်ဖြင့် သူ့ဘက်သို့လှည့်ကာ.....

“နောက်ကို လမ်းသွားရင် ဟိုငေး ဒီငေးလုပ်မနေနဲ့...။ ဒီရန်ကုန်မြို့ကြီးထဲမှာ ကျုပ်လိုအဆိုတော်တွေမှ အများကြီး...။ ခင်ဗျားထပ်ပြီးဝင်တိုက်နေမိရင် မလွယ်မှာစိုးလို့ သတိပေးခဲ့တယ်မှတ်ပါ...။ ဒါပဲ”......

ခပ်ရင့်ရင့်ပြောပြီး သူ့ကို ကျောခိုင်းကာ လူစီးကြောင်းကြီးထဲသို့ လူငယ်က တိုးဝင်သွားလေတော့၏။ သူတစ် ချက် လိုက်ကြည့်နေမိလိုက်ရင်း ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ သတိဝင်လာမိသည်။ သူပလက်ဖောင်း တစ်လျှောက်တွင် လူများကြားထဲမှတိုးကာဝှေ့ကာဖြင့် ဆက်လျှောက်ခဲ့ရင်း စောစောက လူငယ်ပြော သွားသလို သတိထားပြီးလျှောက်ရတော့မည်ဟု ကိုယ့်ဘာသာပြန်ပြီး စဉ်းစားမိလေ၏။

ထိုစဉ် သူ့နှာခေါင်းထဲသို့ စွဲမက်ဖွယ်ရာ ရနံ့တချို့က ခပ်ချွဲချွဲတိုးလို့ဝင်လာခဲ့လေ၏။ အခြားရနံ့တော့ မဟုတ်...၊ သူသိပ်နှစ်သက်လွန်းသော မုန့်ဟင်းခါးရနံ့ပင်ဖြစ်သည်။ မုန့်ဟင်းခါးကို ပဲကြော်နဲ့တစ်ပွဲလောက် ဆွဲဦးမှပါပဲ... ဟု တွေးရင်း အနံ့လာရာဆီကို လည်ဆန့်ကာ ရှာဖွေမိဆဲခဏ.....

“အောင်မလေး.....သေပါပြီတော်”.......

အသံစူးစူးလေးနှင့်အော်လိုက်သံကို သူ့နားထဲအနီးကပ်ကြားလိုက်ရချိန်နှင့်သူ့ခန္ဓာကိုယ်ဖြင့် နူးညံ့မွှေးပျံ့သော ခန္ဓာကိုယ်လေးနှင့်ဝင်တိုက်မိချိန်သည် တစ်ထပ်တည်းကျသွားရသလိုရှိ၏။ သူ့စိတ်ထဲမှ ပြဿနာတော့ စပြန်ပြီဟု.....မသက်သာစွာတွေးမိလိုက်သည်။ စိုးရွံ့စွာဖြင့် ကြည့်မိလိုက်တော့ သူ့နှင့်ဝင် တိုက်မိသူက ခပ်မိမိ၊ ခပ်ချောချော ကောင်မလေးသုံးယောက်ဖြစ်နေလေ၏။ သူနှင့် သုံးယောက်စလုံးဝင် တိုက်မိခြင်းမဟုတ်၊ အစွန်ဆုံးမှ အစိမ်းရောင်ဝမ်းဆက်ကောင်မလေးဖြင့် တိုက်မိခြင်းသာဖြစ်လေသည်။ စော စောကလူငယ်လေးပြောသွားသောစကားကို သူသတိရစွာဖြင့်....

“အဆိုတော်တွေလားမသိဘူးနော်.....၊ ကျွန်တော်တောင်းပန်ပါတယ်ဗျာ.....။ မုန့်ဟင်းခါးဆိုင် လိုက်ရှာရင်း မမြင်မိလို့ ၀င်တိုက်မိတာပါ”.......

“မဟုတ်ပါဘူးရှင်......။ ဒါပေမယ့် အနုပညာရှင်တွေပါပဲ....။ တိုက်မိတာလည်းရပါတယ်...။ မတော်တဆပဲ ဟာကိုများ”......

သူနှင့်ဝင်တိုက်မိသော အစိမ်းရောင်ကောင်မလေးက ချစ်စဖွယ်ပြုံးရင်းပြန်ပြော၏။ သူ စိတ်အေးသလို သက်ပြင်းချမိတော့ ကောင်မလေးသုံးယောက်လုံးက ရယ်၏။ သူပါအတူ ရှက်ကိုးရှက်ကန်းလိုက်ရယ်ရင်း သိချင်စွာဖြင့်......

“အနုပညာရှင်ဆိုတော့ .....ရုပ်ရှင်မင်းသမီးလေးတွေလားဗျာ”.....

သူ့အမေးကို ကောင်မလေးသုံးယောက်က ခေါင်းခါပြ၏။ အစိမ်းရောင်ကောင်မလေးက.....

“ကျွန်မတို့က ရုပ်ရှင်မင်းသမီးတွေမဖြစ်သေးပါဘူး....၊ အဲ..ဖြစ်ဖို့ ကြိုးစားနေတယ်လို့ပြောရင်ရမယ်ထင် တယ် ၊ အခုလောလောဆယ်တော့ ကျွန်မတို့သူငယ်ချင်းသုံးယောက်လုံးက မော်ဒယ်လ်တွေပါ.....။ နာမည် ကြီးမော်ဒယ်လ်အေဂျင်စီတစ်ခုဖြစ်တဲ့ (Tanlan & Maw Del) တန်းလန်း အင်(န်) မောတယ်.....ဆိုတဲ့ သင်တန်းကို ခြောက်ရက်ကြီးများတောင် တက်ခဲ့ဖူးတယ်လေ.....။ သိတယ်မှတ်လား....“မတင်မိုးစိန်” ဦးစီးတဲ့ အေဂျင်စီပေါ့....။ အခု အဲ့ဒီသင်တန်းကဆင်းပြီးတော့ cow walk တွေကို အဆင်ပြေတဲ့နေရာတွေ မှာ လိုက်လျှောက်တယ်......၊ နောက်ပြီး...သူများခေါ်ရင် ခေါ်သလို ဗွီစီဒီတွေ ဘာတွေလည်း ရိုက်မယ်စဉ်း စားတယ်....။ ပြီးတော့......ကြေငြာရော....ဘာရောအစုံပေါ့.......ဟင်းဟင်း”.....

“နာမည်လေးတွေက ဘယ်သူ...။ အားပေးရအောင်ပါခင်ဗျာ”......

သူ့အမေးကို အစိမ်းရောင်ကောင်မလေးက သူမကိုယ်သူမအရင်လက်ညှိုးထိုးပြီး......

“ကျွန်မနာမည်က ‘သက်ထားကလျာနုနုသွေးခြေဥ’....တဲ့။ သူတို့ကတော့ ‘နွေနှောင်းခါဝဿန်မိုးရွာသွန်းဖြိုး’ နဲ့ ‘စိမ်းလဲ့လဲ့တုန်မြသားငယ်တဲ့ငွေယမုန်’....တဲ့လေ...။ မှတ်ထားနော်”.......

သူခေါင်းငြိမ့်ပြရင်း...ဒီတစ်ခါတိုက်မိတဲ့ကောင်မလေးတွေကတော့ ဟိုအဆိုတော်ကောင်လေးနဲ့အတော်ကွာ တာပဲဟု.....တွေးမိ၏။ပြေပြေလည်လည် ဖော်ဖော်ရွေရွေနှင့်မို့ပင်....။ ဒါဟာ အနုပညာသည်တစ်ယောက် အဖြစ် အောင်မြင်စေဖို့ အခြေခံအချက်မဟုတ်ပါလား.......။

“အခုရော....ဘာတွေရိုက်နေလဲဗျာ”.......

“အခုလား......ဘာမှမရိုက်ရပါဘူး....။ သင်တန်းကနေဆင်းတာ တစ်နှစ်ကျော်သွားပြီလေ...။ မော်ဒယ်လ် စင်မြင့်ပေါ်မှာတောင် ရှိုးမလျှောက်ဖူးသေးဘူး။ ဒါပေမယ့် စားသောက်ဆိုင်တစ်ခုမှာတော့ cow walk တစ် ခါလား လျှောက်ဖူးတယ်....။ နောက်ပိုင်းလာမငှားကြတာနဲ့ ဆက်မလျှောက်ဖြစ်သေးတာအခုထိပါပဲ....။ ဗွီစီဒီအနေနဲ့ ကတော့ တစ်ပုဒ် သရုပ်ဆောင်ဖူးတယ်...ကျွန်မတို့သုံးယောက်လုံးလေ။ လူတွေအများကြီးပါ တဲ့ သီချင်းတစ်ပုဒ်မှာ ဖြတ်လျှောက်အနေနဲ့ပေါ့......ဟင်း.....ဟင်း...။ ကြေငြာအနေနဲ့ကတော့ ၀ါးလက်ခုပ် ကြေငြာတစ်ခုမှာ ၀င်သရုပ်ဆောင်ဖူးတယ်.....။ နောက်က ကတဲ့အဖွဲ့သားတွေအများကြီးနဲ့အတူ ရောပြီးတော့ပေါ့........။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကမော်ဒယ်တွေပါပဲလေ....။ ဟုတ်တယ် မဟုတ် လားရှင်”......

သူခေါင်းငြိမ့်ပြမိပြန်၏။ စိတ်ထဲမှလည်း..အနုပညာလှုပ်ရှားမှု တော်တော်အားကောင်းတာပဲ.....ဟု ခပ်ချဉ် ချဉ်လေးတွေးမိသည်။ သို့သော်....သူ့ကိုပြဿနာ မရှာသောမျက်နှာကိုထောက်ထားပြီး.....

“အခုလို မော်ဒယ်လ်တွေနဲ့ တွေ့ရတာ.....၊ သိရတာ....အရမ်းဝမ်းသာပါတယ်ဗျာ...။ အားပေးနေမှာပါ...မ”...

“သက်ထားကလျာနုနုသွေးခြေဥ....ပါ”......

“ဟုတ်ကဲ့ မသက်ထားကလျာနုနုသွေးခြေဥ.....။ အားပေးနေမှာပါဗျာ”.....

“ဟုတ်ကဲ့....ဒါဆို သွားလိုက်ပါဦးမယ်နော်.....။ သြော်ဒါနဲ့ အော်တိုလက်မှတ်ကလေးများထိုးပေးခဲ့ရဦးမလား ရှင်”......

“လိုတော့ လိုချင်ပါတယ်....။ ဒါပေမယ့် ကျွန်တော့်မှာ စာရွက်တွေဘာတွေ ပါမလာလို့”......

အားနာစွာ သူပြောမိတော့ ကောင်မလေးသုံးယောက်လုံးက ရပါတယ်...ဟု ပြောရင်း ပြုံးကာနှုတ်ဆက် ထွက်သွားလေတော့သည်။

သူဆက်လျှောက်လာခဲ့၏။ မုန့်ဟင်းခါးစားချင်စိတ်ပင် ဘယ်ဆီရောက်သွားသည်မသိတော့.....။ ငါနေခဲ့တဲ့ ဒီ ရန်ကုန်မြို့ကြီးဟာ......ငါမရှိတဲ့ လေးငါးခြောက်နှစ်၊ ခုနှစ်နှစ်အတွင်း အနုပညာမြို့တော်ကြီးများဖြစ်သွား ခဲ့ပြီလားဟု တွေးနေမိလိုက်တာမို့ဖြစ်၏။ ကြည့်လေ.....။ မြို့ထဲမှာ အမှတ်တမဲ့ဝင်တိုက်မိတာနှစ်ခါ.....၊ တစ်ခါက အဆိုတော်တစ်ယောက်နှင့်......၊ နောက်တစ်ခါကျတော့ မော်ဒယ်လ်သုံးယောက်နှင့်.....။ သူ သက်ပြင်းတစ်ချက်.....၀ူးခနဲမှုတ်ထုတ်မိလိုက်၏။ နောက်ထပ်တစ်ခါ ထပ်တိုက်မိလျှင် ဘယ်လိုလူနဲ့များ တွေ့ရဦးပါမလဲ ဟု မရေမရာစဉ်းစားမိပြန်သည်။ သို့သော်.....သူခြေလှမ်းများက ဆက်ရွေ့နေခဲ့လေ၏။

~~~~~@@@~~~~~

အိပ်မက်ထဲတွင် သူဆက်လျှောက်နေခဲ့ရင်း ပလက်ဖောင်းထောင့်ချိုးတွင် ဖွင့်ထားသော လမ်း ဘေးလက်ဖက် ရည်ဆိုင်လေးတစ်ဆိုင်ကို သွားတွေ့သည်။ ဆိုင်လေးက အမိုးမပါ ဘာမပါ....၊ သားသား နားနားမရှိ။ သို့သော် အဆောင်အယောင်ကင်းလွန်းသော အချို့ဆိုင်လေးများကိုနှစ်သက်တတ်လွန်းသူမို့ ပေါ့ဆိမ့်တစ်ခွက်လောက်ဝင်သောက်ဖို့ သူစိတ်ကူးရလာ၏။ ထိုဆိုင်လေးထဲတွင် သူနှင့်အကြိုက်တူသူ တော် တော်များလေသလားတော့မသိ....၊ ရှိသမျှခုံအကုန်လုံးတွင်လူပြည့်နေခဲ့လေသည်။ သို့သော် သောက် ဖို့ဆုံးဖြတ်ပြီးသားမို့ နေရာလွတ်တစ်နေရာစာကို မျက်စိဝေ့ကာရှာမိတော့ တစ်နေရာကိုတွေ့၏။ ထိုစားပွဲ  ၀ိုင်းတွင် လူတစ်ယောက်သာ ထိုင်နေသည်။ ထိုသူ့ရှေ့စားပွဲပေါ်တွင် လက်(ပ်)တော့(ခေါ်)နုတ်ဘွတ်ခ်(ခေါ်) အိတ်ဆောင်ကွန်ပျူတာတစ်လုံးကို ဖွင့်လျှက်သားတင်ထားတာတွေ့ရ၏။ ထိုဘေးတွင်တော့ သောက်လက်စ လက်ဖက်ရည်တစ်ခွက်နှင့် ဆေးပေါ့လိပ်တိုများက ကပိုကရိုနှင့်ရှိနေခဲ့ကြလေသည်။

ထိုစားပွဲအနားသို့ သူလျှောက်သွားကာ စားပွဲဝိုင်းနားအရောက်တွင်ခဏရပ်လိုက်သည်။ ထိုသူ့ရှေ့မှလွတ် နေသောထိုင်ခုံသည် သူတို့နှစ်ယောက်လုံးအပိုင်မဟုတ်..။ သို့သော် အရင်ရောက်နှင့်သူကို လေးစား သည့်အနေဖြင့် ၀တ္တရားအရသူမေးလိုက်မိ၏။

“ဒီခုံအားသလား.....ခင်ဗျာ”.....

သူ့အသံကြောင့် ကွန်ပျူတာကို သည်းကြီးမည်းကြီးစိုက်ကြည့်နေရာမှ ထိုသူကမော့ကြည့်လာသည်။ နောက် ခပ်ဆတ်ဆတ်ခေါင်းငြိမ့်ပြပြီး...သူ့ကွန်ပျူတာကို ပြန်စိုက်ကြည့်နေလေ၏။ ထို့ကြောင့် ထိုခုံတွင်သူအသာဝင် ထိုင်လိုက်သည်။ သိပ်မကြာမီ စားပွဲထိုးလေးလာချပေးသောပေါ့ဆိမ့်လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း သူ့ အရှေ့မှထိုလူရွယ်ကို မိတ်ဖွဲ့စွာဖြင့် စကားစတင်ပြောဖို့ သူအားထုတ်မိတော့သည်။ တစ်ယောက်တည်း ဟိုဒီ ကြည့်ရင်းဖြင့် လက်ဖက်ရည်ဆိုင်ထိုင်ရတာ အတော်ပင်ငေါင်တောင်တောင်နိုင်လာတာမို့ဖြစ်၏။

“အစ်ကိုက ကွန်ပျူတာတော်တော်ကျွမ်းမယ်ထင်တယ်နော်”.....

သူ့စကားသံကြောင့် ထိုလူရွယ်က ခေါင်းမော့ကာသူ့ကိုကြည့်လာသည်။ မိတ်ဖွဲ့စွာဖြင့် သူပြုံးပြမိတော့ ပြန်ပြုံး ပြရင်း....

“ကွန်ပျူတာကို ကျွန်တော်ဒီလောက်မကျွမ်းပါဘူးဗျာ”......

“ဒါဆို အစ်ကိုဝါသနာတော့ တော်တော်ပါမယ်ထင်တယ်”.....

သွေးတိုးစမ်းသလိုသူမေးမိလိုက်၏။

“၀ါသနာတော့ပါပါတယ်.....။ ဒါပေမယ့် ကျွန်တော်စာရေးဖို့သက်သက်လောက်ပဲ စိတ်ဝင်စားတာပါ”.....

“ဟာ......ဒါဆို အစ်ကိုက စာတွေရေးတယ်ပေါ့”......

အံ့သြစွာဖြင့် သူမေးမိသည်။

“ဟုတ်တယ်.......ကျွန်တော်က စာရေးဆရာပါ”......

“ဘယ်မဂ္ဂဇင်းတွေ......စာစောင်တွေမှာရေးလည်းဗျာ....၊ ဒါမှမဟုတ် လုံးချင်းလိုင်းကလား.....၊ ကလောင် နာမည်ကရော ဘယ်သူလည်းဗျာ.....။ ကျွန်တော်က စာရေးတာဝါသနာပါလို့ပါ.....။ ခုလိုစာရေးဆရာ တစ်ဦးနဲ့ တွေ့ဆုံရတာကိုလည်း အရမ်းဝမ်းသာမိပါတယ်..။ ပြောရရင် ကျွန်တော်က စာပေကိုလည်း မြတ်နိုး လွန်းတဲ့ သူတစ်ယောက်ပါ”.....

တရစပ်ပြောလိုက်သော သူ့စကားသံအဆုံးတွင် ထိုလူရွယ်က ခပ်မိန့်မိန့်ပြုံးရင်းဖြေ၏။

“ကျွန်တော်က အပြင်စာစောင်တွေ၊ မဂ္ဂဇင်းတွေမှာမရေးပါဘူး....။ အွန်လိုင်းမှာ...အဲ...အင်တာနက်ထဲမှာ ရေးတဲ့ အွန်လိုင်းစာရေးဆရာတစ်ယောက်ပါ..။ ကလောင်နာမည်ကတော့ ‘ကျော်သထက်ကျော်ဇမ္ဗူ ပေါ်လူတော်’ လို့ခေါ်ပါတယ်”...

သူကိုယ်တိုင်အနည်းငယ် တီးမိခေါက်မိရှိသောရပ်ဝန်းဖြစ်သော်လည်း.....ထိုနာမည်ကို သူတစ်ခါမှမကြားဖူး ခဲ့...။ သူကိုယ်တိုင်မသိသေးတာလည်းဖြစ်မည်...။

“ဟုတ်လားဗျ.....။ ဘလော့ဂ်ရေးတာမျိုးပေါ့နော်....။ လိပ်စာလေးပေးပါဗျာ....။ လာဖတ်ရအောင်ပါ”.....

“ကျုပ်က ဘလော့ဂ်ပေါ်မှာစာရေးတာတော့ဟုတ်တယ်...။ ဒါပေမယ့် ဘလောဂ်ဂါမဟုတ်ဘူးနော်....၊ ခင်ဗျား သိအောင်ရှင်းရှင်းထပ်ပြောမယ်....။ ကျုပ်က အွန်လိုင်းစာရေးဆရာ”.......

မျက်နှာထိ မျက်နှာထားဖြင့် ချက်ခြင်းပြောင်းလဲကာပြောလိုက်သော ထိုလူရွယ့်ကိုကြည့်ရင်း အလိုက်အ ထိုက် သူခပ်မြန်မြန်လေးခေါင်းငြိမ့်ပြလိုက်မိ၏။ သို့သော်စိတ်ထဲမှနေပြီးတွေးမိသည်။

သူသိသော ဘလော့ဂ်ရေးသူတော်တော်များများထဲတွင်...စာရေးဝါသနာပါလို့ မနေနိုင်သောကြောင့်ရေးသူ၊ သူများအား သိစေချင်တာမို့ မျှဝေသူ.....၊ ခံစားချက်ကလေးများရေးသူ.....၊ ဟင်းချက်နည်း....ဝေမျှသူစပြီး အမျိုးမျိုးရှိသည်။ တချို့ကအပျော်သက်သက်.....၊ တချို့က ၀ါသနာအရ.....၊ တချို့က မိတ်ဖြစ်ဆွေဖြစ်..ဟု ခြုံပြောလျှင်ရမည်....။ နောက်ပြီး....အွန်လိုင်းတွင် တစ်ကယ့်စာတွေရေးခဲ့သော နာမည်ရှိဆရာ၊ ဆရာမ များ၏ဘလော့ဂ်များလည်းရှိသည်။ သို့သော် သူ့ရှေ့မှလူလို...ကိုယ့်ကိုယ်ကို စာရေးဆရာဟု ခံယူထားသူ များကိုတော့ မတွေ့မိခဲ့ဖူး.....။ မတွေ့သေးတာလည်းဖြစ်ချင်ဖြစ်မည်...။ မသိသေးတာလည်း ဖြစ်ချင်ဖြစ် မည်...။ ရှိချင်လည်း ကျိတ်ရှိနေမည်။ သို့သော် သူကတော့ဖြင့် အခု အရှင်လတ်လတ် နှဖူးတွေ့ ဒူးတွေ့ကြုံ နေခဲ့ရပြီ....။

“အွန်လိုင်းမှာ ကျုပ်စာဖတ်ပရိတ်သတ်တွေဆိုတာ”......

ထိုသူက သူနှစ်သက်သောအကြောင်းအရာမို့ အာပေါင်အာရင်းသန်သန်ဖြင့် ဆက်ပြောနေလေတော့၏။ သို့ သော်လည်း....စကားများက သူ့နားထဲ မ၀င်တစ်ချက် ၀င်တစ်ချက်ဖြင့်..။ ထိုသူ့စကားထဲတွင်ပါလာသော စာဖတ်ပရိတ်သတ်ဆိုတာကို စဉ်းစားမိနေသေး၏။ လူတစ်ယောက်ရေးထားသော စာကို လူတစ်ယောက်က ဖတ်ကြည့်ရုံဖြင့် စာဖတ်ပရိတ်သတ်ဖြစ်သွားရောလား.....၊ မြည်းစမ်းကြည့်သည့်အနေဖြင့် ဖတ်ကြည့်လျှင် ရော သူ့စာဖတ်ပရိတ်သတ်ဖြစ်သွားရောလား....။ အားနာလို့ ဖတ်ရင်ရော သူ့စာဖတ်ပရိတ်သတ်ဖြစ် သွားရောလား....။ တစ်ကယ်နှစ်သက်လို့ စွဲစွဲမြဲမြဲဖတ်နေတာကိုမှ စာဖတ်ပရိတ်သတ်လို့ခေါ်သလား......၊ ရံဖန်ရံ ခါဖတ်ကြည့်ရင်ရော သူ့စာဖတ်ပရိတ်သတ်ပဲလား......စသည်ဖြင့်။ နောက်ပြီး....ပန်းသီးသည်ချို၏။ မုန့်ဟင်းခါးထဲတွင် ငရုပ်သီးထည့်စားမိတာ...အတော်စပ်သွားသည် စသဖြင့်ရေးသောအရေးအသားများကို ထိုသူသာ ရေးနေခဲ့မည်ဆိုလျှင်....သူ့စာဖတ်ပရိတ်သတ်ဟု ခေါင်းစဉ်တပ်ခံရသူများသည်..........?????

ထိုလူကတော့ ဆက်ပြောနေလေသည်။ သို့သော် သူ့နားထဲ တစ်လုံးမှမ၀င်တော့....။ လျှံထွက်နေခဲ့လေပြီမို့ ပင်ဖြစ်၏။ ထို့ကြောင့် မျက်နှာကိုသာ ပြုံးရင်းသူစိုက်ကြည့်နေမိတော့၏။ သူ့မြင်ကွင်းထဲတွင် ကြည့်ရင်းထင် ထင်ရှားရှားမြင်လာရသည်က ထိုသူ့နားထင်နားလောက်အထိရောက်ရှိ မြင့်တက်နေခဲ့ပြီဖြစ်သော အနီရောင် စီးကြောင်းတစ်ခု.......။

အနီရောင်....
သူသိပ်မုန်းသည်......။
ရဲရင့်ခြင်းဟု အများကခေါင်းစဉ်တပ်ကြသော်လည်း...
သူကတော့ ပူလောင်ခြင်း....ဆူပွက်ခြင်း....စသည်တို့ကို နှိုးဆွတတ်သည်.....အဓိပ္ပါယ်ဟု တစ်ကိုယ်ရည် တွေးထားမိခဲ့လို့ပင်ဖြစ်၏။

~~~~~@@@~~~~~

သူအိပ်မက်မှ လန့်နိုးလာခဲ့သည်။
သူ့အခန်းထဲတွင် သူမှလွဲပြီးတစ်ယောက်မှမရှိ.....။
ထို့ကြောင့် သူ့အိပ်မက်ကိုပြန်တွေးရင်း တစ်ယောက်တည်း....စိတ်ချလက်ချ ခိုးပြုံးလိုက်မိသည်။
သီချင်းတစ်ပုဒ်ဆိုဖူးပြီး......ကိုယ့်ကိုယ်ကိုယ်အဆိုတော်ဟု....အတင်းမှတ်ယူနေသူ....။
မော်ဒယ်လ်သင်တန်းတက်ပြီး.....ကိုယ့်ဘာသာမော်ဒယ်လ်ပြန်ထင်နေသူ.....။
သာမန်ဘလော့ဂ်တစ်ခုရေးပြီး......ကိုယ့်ကိုယ်ကို စာရေးဆရာထင်နေသူ.....စသဖြင့်....
သူတွေ့ခဲ့ရသော‘အိပ်မက်ထဲမှ အိပ်မက်မက်နေသူများ’....အကြောင်းကို ပြန်စဉ်းစားမိသွားလို့ပင် ဖြစ်၏။

                             ~~~~~@@@~~~~~@@@~~~~~@@@~~~~~

ပုံလေးကို ဒီနေရာ ကနေ ယူသုံးခဲ့ပါတယ်ခင်ဗျာ.....။
===================================================
ဤ၀တ္တုသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ခဲ့ပါ...။
တိုက်ဆိုင်မှုရှိက ခွင့်လွှတ်ဖို့ အနူးအညွှတ်တောင်းပန်ပါတယ်ခင်ဗျာ.....။
===================================================

ချစ်ခြင်းအားဖြင့်..........
ဏီလင်းညို
(ထင်)

Thursday, September 9, 2010

မူလအခြေအနေ




နွေနှောင်းလက်ကျန်ရက်များသည် မကြာခင်ရောက်လာတော့မည့်မိုးနေ့စွဲရက်များကြောင့် စိုပြေလာ တော့မယောင်ရှိ၏။ သို့သော် အခုချိန်ထက်ထိတော့ ညှိုးရော်ခြောက်သွေ့နေခဲ့ဆဲပင်ဖြစ်သည်။ နေ့လယ်ခင်း မို့လူရှင်းစွာတိတ်ဆိတ်နေခဲ့သောရွက်ကြွေလမ်းမလေးထက်တွင် သူ့ဘေးမှကပ်လျှောက်နေသော ကြည်ပြာ့ ရဲ့ဖိနပ်ရှပ်တိုက်သံကို ကြားနေရ၏။



“မိုးတွေတောင်ရွာတော့မယ်နော်....ဖိုးကျော်”.....
“အေးဟ”....

ကြည်ပြာ့စကားကို သူခေါင်းငြိမ့်ထောက်ခံလိုက်သည်။ ထို့အတူ လွန်ခဲ့သောသုံးရက်ခန့်က ခဏလောက်ရွာ သွားသောမိုးတို့ကိုပြန်လည်တမ်းတလာမိကာ ပူလောင်လွန်းသည့်နွေနေ့ရက်များကိုအမြန် ကုန်ဆုံးစေချင်မိ သောစိတ်လည်းဖြစ်ရ၏။

“ငါတော့ နွေရာသီလေးကို မကုန်စေချင်သေးဘူး”.....

ကြည်ပြာ့စကားကြောင့် သူလှည့်ကြည့်မိတော့ သူမကပြုံးပြသည်။ နောက် လက်ထဲမှ ဆိုင်းကြိုးတပ်ထားဆဲ ဖြစ်သော ခေါက်သိမ်းထားသည့်စွန်နှင့်ရစ်ဘီးလုံးတွဲရက်သားကိုထောင်ပြရင်း.....

“ဟုတ်တယ်လေဟယ်....၊ နွေရာသီကုန်လို့ မိုးတွေရွာလာရင် ငါတို့စွန်လွှတ်လို့ဘယ်ရတော့မှာလဲဟဲ့”......
“သြော်.....နင်က နင့်ရည်ရွယ်ချက်နဲ့နင် နွေရာသီကိုမကုန်စေချင်တာကိုး”....

ထေ့ငေါ့သော လေသံစွက်စွာသူပြန်ပြောမိတော့ ကြည်ပြာက ပခုံးနှစ်ဖက်ကိုစုံတွန့်ပြကာ ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။ ယောက်ျားလေးဖြစ်သောသူနှင့်တန်းတူ မိန်းကလေးတန်မဲ့ စွန်လွှတ်တာကိုကြည်ပြာက ရူးရူးမူးမူးခုံမင်နှစ်သက်တတ်သူတစ်ယောက်ဖြစ်၏။ ‘ကောင်းကင်မှာဝဲနေတဲ့ စွန်လေးတွေကို မြေပြင်ပေါ်က နေပြီး ကြိုးလေးတစ်ချောင်းနဲ့ထိမ်းထားရတာ....၊ ကိုယ်လိုသလို အလျှော့အတင်းလုပ်ပေးနိုင်တာ....၊ မိုးပေါ် မှာလွှတ်တင်ထားတဲ့ စွန်ကလေးနဲ့အတူ ငါ့စိတ်တွေကိုလေဟုန်စီးပြီးပျံသန်းစေနိုင်တာမို့ စွန်လွှတ်ရတာကို ငါ တော့ အရမ်းသဘောကျတာပဲဟယ်’......ဟု ကြည်ပြာက သူ့ကိုမကြာခဏပြောဖူးတာကို စိတ်ထဲပြန်အမှတ် ရမိလိုက်သေးသည်။

“ဒါပေမယ့် နွေရာသီကို မကုန်စေချင်တဲ့ နင့်ဆန္ဒကတော့ ပြည့်နိုင်မယ်မထင်ပါဘူး....၊ ဘာလို့လဲဆိုတော့ သူ့ အချိန်တန်ရင် မိုးရာသီရောက်လာမှာပဲ.....။ ပြီးရင်တော့ ဆောင်းရာသီပေါ့.....။ အဲ့ဒီခါကျမှ နင်စွန်ပြန် လွှတ်ပေါ့ဟာ”......

“အေးနော်......သဘာဝတရားဆိုတာ လွန်ဆန်ချင်လို့ရကောင်းတဲ့အရာတစ်ခုမှမဟုတ်ခဲ့တာ”.....

သူ့စကားကို တွေးတွေးဆဆပုံစံလေးဖြင့် ခေါင်းငြိမ့်ရင်းကြည်ပြာကပြန်ပြောသည်။ သူဘာမှပြန်မပြောမိ....။ နွေနေ့လယ်ခင်းထဲမှ ရွက်ကြွေလမ်းမလေးထက်တွင် ခဏတိတ်ဆိတ်သွားသလိုရှိ၏။ သို့သော် ကြည်ပြာ့ ဖိနပ် ရှပ်တိုက်သံကိုတော့ သူ့နားထဲတွင်အတိုင်းသားကြားနေခဲ့ရသည်။ ခဏတာမှ တော်တော်ကြာသည့် အထိ သူတို့နှစ်ယောက်ဘာစကားမှအပြန်အလှန်မဆိုမိခဲ့ကြပဲ ဆက်လျှောက်နေမိခဲ့၏။ သိပ်မကြာခင်မှာပင် ကြည်ပြာတို့နေသော လမ်းထဲသို့ချိုးကွေ့ဝင်ရမည့်နေရာလေးသို့ရောက်လာသည်။ သူကတော့ သူနေသော လမ်းကို ရောက်ဖို့ရာ နောက်ထပ်နှစ်လမ်းကိုကျော်ရပေဦးမည်......။ ထုံးစံအတိုင်း လမ်းထဲချိုးဝင်ခါနီး လမ်း ထိပ်အုတ်ခုံလေးနားတွင် သူတို့နှစ်ယောက်ခဏရပ်မိကြ၏။

“ငါသွားတော့မယ်”.....

ကြည်ပြာ့စကားကို သူခေါင်းငြိမ့်ပြလိုက်မိသည်။ လက်ပြကာ သူအရင်ကျောခိုင်းရင်း ဆက်လျှောက်ဖို့ခြေ လှမ်းပြင်မိခဲ့တော့.....‘ဖိုးကျော်’.....ဟု ကြည်ပြာကလှမ်းခေါ်၏။ သူလှည့်ကြည့်မိတော့.....

“ညနေ ငါးနာရီလောက်ကျရင်လည်း......သံလမ်းပေါ်မှာ စွန်သွားလွှတ်ဦးမယ်နော်...။ ငါနင့်ကို ဒီအုတ်ခုံနား ကပဲစောင့်နေမယ်.....။ ပြီးတော့ နင့်ကိုငါပြောစရာလည်းရှိတယ်”.....

ခေါင်းငြိမ့်ပြရင်း ကြည်ပြာ့မျက်ဝန်းများထဲကို အဖြေရှာသလို သူခဏစိုက်ကြည့်မိသည်။ သို့သော် လျှို့ဝှက် ချက်များစွာဖြင့် မျက်ဝန်းတစ်စုံရဲ့ပုစ္ဆာကိုသူတွက်ချက်အဖြေရှာမတွေ့နိုင်ခဲ့ရမိ။ ရင်ထဲက စိုးထိတ်သလိုပုံစံမျိုး ဖြင့် သူ့နှလုံးသားတစ်စုံက ထိတ်ခနဲ တစ်ချက်ခုန်လိုက်သလိုလို.....။

ကြည်ပြာ့ကိုခေါင်းငြိမ့်ပြခဲ့ရင်း သူဆက်လျှောက်လာခဲ့၏။ နွေနေ့လယ်ခင်းမှရွက်ကြွေလမ်းမလေးထက်တွင် စောစောကလို သူ့နံဘေးနားတွင်ကြည်ပြာရှိမနေခဲ့တော့......။ လေပြေကမူ တစ်ချက်တစ်ချက် ခပ်တိုးတိုးပင် တိုက်ခတ်နေခဲ့လေသည်။ ထိုအခါ ရွက်ကြွေလေးများက လမ်းမတစ်လျှောက် လျှပ်တိုက်မျောလွင့်သွားခဲ့ကြ ရ၏။

~~~~~@@@~~~~~

နေခင်းရဲ့မိုးကောင်းကင်ထက်တွင် တိမ်မျှင်ဖြူဖြူလေးများက ခပ်ကျဲကျဲနေရာယူထားတာတွေ့ရ၏။ ထို့အတူ ရောင်စုံစွန်ကလေးများကလည်း လေဟုန်စီးရင်းယိမ်းနွဲ့စွာ ၀ဲပျံနေခဲ့ကြတာတွေ့ရသည်။ ရထားသံ လမ်းနံဘေးမှအလေ့ကျခြုံပင်များက လေယူရာဖက်သို့လိုက်ပါယိမ်းနွဲ့နေခဲ့ကြတာကို သူလိုက်ငေးနေမိ၏။ သူထိုင်နေခဲ့သော ရထားသံလမ်းသည်ညနေစောင်းနေရောင်သိပ်မရှိတော့သော်လည်း တစ်နေ့လုံးပူထား သည့်နေပူရှိန်ကြောင့် နွေးနေခဲ့သည်။



“နောက်....တစ်ကောင်ထပ်တင်ဦးလေ.....ဖိုးကျော်”......

သူနှင့်ခပ်လှမ်းလှမ်းတွင် စွန်လွှတ်နေဆဲဖြစ်သော ကြည်ပြာ့အသံကြောင့် လှမ်းကြည့်ပြီးခေါင်းခါပြလိုက်မိ၏။ တစ်ကယ်လည်း ဒီညနေအဖို့သူထပ်ပြီးစွန်မလွှတ်ချင်တော့ပါ.....။ စောစောကဖြတ်တောက်ခံလိုက်ရသော သူ့စွန်ဖြူဖြူလေးကို မျက်စိထဲပြန်မြင်ယောင်သလိုဖြစ်လာသည်။ သူ့စွန်ဖြူဖြူလေးကို ဖြတ်တောက်သွားလေ ခဲ့သော အစိမ်းရင့်ရောင်စွန်ကလေးကတော့ ကောင်းကင်ထက်တွင်လေဟုန်စီးရင်း အခုချိန်တိုင်အောင်ဝဲပျံ ကာ အောင်လံထူနေခဲ့ဆဲဖြစ်တာကို သူတွေ့နေရ၏။ စွန်လွှတ်တိုင်း သူများစွန်ကိုဖြတ်ဖို့ ဘယ်တော့မှမကြိုး စားမိခဲ့သော်လည်း ခုလိုမျိုးတစ်ခါတလေတွင်တော့ သူ့စွန်လေးများဖြတ်တောက်ခြင်းကိုခံရစမြဲဖြစ်ပါသည်။ ထိုကဲ့သို့ ဖြတ်တောက်ခံလိုက်ရတိုင်း နောက်ထပ်စွန်အသစ်တစ်ကောင်ကို ထပ်မတင်ချင်သောစိတ် သူ့ရင်မှာ အမြဲဖြစ်တည်မိရ၏။

ကောင်းကင်တွင်ဝဲပျံနေလေသောစွန်များကို သူငေးကြည့်နေခဲ့မိသည်။ ကလေးတစ်အုပ်က သူ့ရှေ့မှနေအော် ဟစ်ပြေးလွှားသွားကြ၏။ လက်ထဲတွင်လည်း ၀ါးလုံးရှည်ရှည်များနှင့်.....။ ၀ါးလုံးရှည်များထိပ်တွင်လည်း သစ် ကိုင်းခြောက်များကို ကြိုးနှင့်ပူးချည်ထားကြသေး၏။ ကြိုးပြတ်စွာလေထဲလွင့်မျောသွားလေကြသော စွန်ရောင် စုံလေးများကို အမိဖမ်းယူရန်အတွက်ပင်ဖြစ်သည်။ လေထဲတွင်လွင့်မျောသွားသော စွန်ကလေးများသည် က လေးများအတွက် တပ်မက်ဖွယ်ကောင်းနေခဲ့မှာအမှန်ပင်....။

“ဟဲ့”......

ဘေးနားတွင် ၀င်ထိုင်ရင်းခေါ်လိုက်သောကြည်ပြာ့အသံကြောင့် သူလှည့်ကြည့်မိလိုက်သည်။

“နင့်စွန်ပြတ်သွားပြီလား”......

သူ့မေးခွန်းကို ကြည်ပြာက ရယ်ရင်းခေါင်းငြိမ့်ပြ၏။

“ထပ်လွှတ်လေ.....စောပါသေးတယ်.....။ ငါစောင့်ပေးနေမှာပါ”....

ထပ်ပြောလိုက်သော သူ့စကားကို ကြည်ပြာက ခေါင်းခါပြရင်း.....

“မလွှတ်ချင်တော့ပါဘူးဟာ”......
“ဘာဖြစ်လို့လဲ”......

နွေနှောင်းရက်များမို့ ညနေခင်းလေပြေက ခပ်အေးအေးတိုက်ခတ်နေခဲ့လေသည်။ သူ့အမေးကို ကြည်ပြာက ချက်ခြင်းမဖြေခဲ့.....။ တိမ်မျှင်များ ယှက်သန်းနေလေသော ဆည်းဆာကောင်းကင်ကို တစ်ခါမှမမြင်ဖူးသလို ငေးမောနေတာတွေ့ရ၏။ သူ့နားထဲတွင် အဝေးမှကလေးတစ်သိုက်ရဲ့ ဆူညံစွာအော်ဟစ်လိုက်သံများကို သဲ့ သဲ့ကြားလိုက်ရသည်။ ကလေးတွေစွန်လုရင်း ငြင်းခုန်နေကြတာဖြစ်မည်ဟု တွေးရင်းနှုတ်ဆိတ်စွာပြုံးလိုက်မိ ဆဲ ခဏ.....

“ဖိုးကျော်”.....
“ဟေ”.....

ရုတ်တရက်မို့ယောင်ယမ်းစွာဖြင့် သူပြန်ထူးရင်းလှည့်ကြည့်မိတော့ ကြည်ပြာက ခပ်ဖွဖွရယ်နေလေတာ တွေ့ရ၏။ ကြည်ပြာ့မျက်ဝန်းများထဲကို အဖြေရှာသလိုကြည့်ရင်း နှုတ်မှတိုးတိုးမေးမိသည်။

“ဘာလဲဟ”......
“ငါနင့်ကို ပြောစရာရှိတယ်လို့ပြောထားတယ်လေ”.....

သူခေါင်းငြိမ့်ပြလိုက်မိသည်။ နေ့ခင်းတုန်းက ကြည်ပြာပြောထားတာကို သူမမေ့သေးပါ။ ကြည်ပြာများမေ့နေ ခဲ့လေမလားဟု......သူတွေးထားမိသေးသည်။ အခုတော့ပြောစရာရှိသည်ဟုဆိုထားတာကို ကြည်ပြာကမေ့ပုံ မရခဲ့.....။

“ပြောလေဟာ”.....

မေးဆတ်ရင်း သူပြောတော့ ကြည်ပြာကခေါင်းငြိမ့်ပြသည်။ နောက်....သက်ပြင်းတစ်ချက်ချလိုက်သေးသည် ဟု သူထင်လိုက်မိ၏။ ကြည်ပြာက.....

“ဘာမှတော့မဟုတ်ပါဘူးဟာ....၊ နင်နဲ့ငါရဲ့ အနေအထားနဲ့ပတ်သတ်ပြီးတော့ ငါနည်းနည်းပြောစရာရှိလို့”...

ကြည်ပြာ့စကားကြောင့် အံသြစွာဖြင့်သူမော့ကြည့်လိုက်မိ၏။ တည်ငြိမ်သောအသံဖြင့် ပြောလိုက်သော စ ကားသံလိုပင် ကြည်ပြာ့မျက်နှာက တည်ကြည်နေခဲ့လေတာကိုတွေ့ရသည်။ သို့သော် နှုတ်ခမ်းအစုံကတော့ ခပ်လွန့်လွန့်လေးပြုံးနေခဲ့၏။

ခေါင်းငြိမ့်ပြရင်း ဆက်ပြောဖို့ သူမေးဆတ်ပြလိုက်တော့ ကြည်ပြာက.....

“နင်နဲ့ငါက ဘာတွေလဲ ဖိုးကျော်....။ သူငယ်ချင်းတွေလား....၊ ချစ်သူတွေလား”....

ထင်မှတ်မထားသော မေးခွန်းမို့ သူ့တစ်ကိုယ်လုံးထူပူသွားသလို ခံစားလိုက်မိရ၏။ ထို့အတွက် ကြည်ပြာ့မေး ခွန်းကို ရုတ်တရက်ပြန်ဖြေနိုင်စွမ်းမဲ့သွားရသည်။ ပြောရမည်ဆိုလျှင် နဝေတိမ်တောင်ဖြစ်သွားရသ လိုလိုပင်..။ ထို့ကြောင့် အလုပ်မရှိအလုပ်ရှာကာ ‘ဟက်’ခနဲတစ်ချက်ရယ်လိုက်ရင်း ဆံပင်များကြားထဲလက် နှစ်ဖက်ထိုးသွင်းကာ ဟိုဖွဒီဖွလုပ်နေလိုက်မိသည်။ သို့သော် ကြည်ပြာ့အမေးအတွက် ဖြေစရာအဖြေက သူ့ထံတွင် အ ဆင်သင့်ရှိနေခဲ့၏။

“ရယ်မနေနဲ့ ဖိုးကျော်....၊ ငါနင့်ကို အကောင်းမေးနေတာ”.....

ရူးချင်ယောင်ဆောင်နေသော သူ့အမူအယာကြောင့် ခပ်ဆတ်ဆတ်လေသံဖြင့် ကြည်ပြာကပြောသည်။ ထို့ ကြောင့် ကြည်ပြာ့ထံမှ မျက်နှာလွှဲကာ ကောင်းကင်ကိုမော့ကြည့်ရင်း သူခပ်တိုးတိုးဖြေလိုက်မိ၏။

“ချစ်သူတွေလေဟာ”.......

သူ့ဖြေသံအဆုံးတွင် သူတို့နှစ်ယောက်အကြား ခဏတာမျှတိတ်ဆိတ်သွားရသည်။ ကောင်းကင်ကိုမော့ကြည့် နေခဲ့မိသော သူ့မြင်ကွင်းထဲတွင်တော့ စွန်ကလေးများက ၀ဲပျံနေဆဲပင်ဖြစ်၏။ သို့သော် အရေအတွက်သိပ်ပြီး မများတော့....။ မကြာခင် နေညိုချိန်သည် နှောင်းတော့မည်။

ကြည်ပြာ့ထံမှ သက်ပြင်းချသံ ခပ်သဲ့သဲ့ကိုကြားရ၏။ ထို့ကြောင့် သူလှည့်ကြည့်မိသောအခါ ကြည်ပြာက သူ့ မျက်နှာကို စေ့စေ့စပ်စပ်ကြည့်ရင်း ထပ်မေးပြန်သည်။

“ဒါဆို....နင်ငါ့ကို တစ်ကယ်ချစ်ရဲ့လား ဖိုးကျော်”.....

ထိုအမေးကြောင့် သူ့ရင်ထဲတွင် ထိတ်ခ,နဲဖြစ်သွားရ၏။ စိတ်ထဲတွင်လည်း ကြည်ပြာဘာကိုရည်ရွယ်စွာ မေး တာလဲ....ဟုမရှင်းလင်းစွာတွေးမိပြန်သည်။ သို့သော် အမေးရှိက အဖြေရှိရမည်။ ထို့ကြောင့် ပြန်ဖြေဖို့ အားယူကာ နှုတ်ခမ်းပြင်မိဆဲခဏ....

“နင်......ငါ့ကို မလိမ်နဲ့နော် ဖိုးကျော်...။ ငါအမှန်အတိုင်းပဲ သိချင်တယ်”......

ကြည်ပြာ့လေသံထဲတွင် သတိပေးသည့်အရိပ်အယောင်များ တွဲလွဲခိုနေတာကို သူခံစားနားလည်မိလိုက်၏။ ထို့ကြောင့် ကောင်းကင်ကိုပြန်မော့ကြည့်ရင်း သူဖြေမိသည်။

“ချစ်ပါတယ်ဟ”.....

သူ့ဖြေသံအဆုံးတွင် ကြည်ပြာက သူ့လက်မောင်းကို ဖျန်းခ,နဲလှမ်းရိုက်သည်။ ရုတ်တရက်မို့ မရှောင်နိုင်ခဲ့ပဲ စပ်ဖျဉ်းဖျဉ်းဖြစ်သွားသော သူ့လက်မောင်းကို လက်ဖြင့်အသာပွတ်ရင်း ဇဝေဇ၀ါနိုင်လှစွာဖြင့် ကြည်ပြာ့ကို သူ ကြည့်မိ၏။ ထိုအခါ ကြည်ပြာက သူ့ကို ထွင်းဖောက်သွားမတတ် စေ့စေ့ကြည့်လျှက်.....

“နင်ငါ့ကို လိမ်နေတယ်..ဖိုးကျော်...။ လိမ်တာမှ ပေါ်တင်ကြီးကိုလိမ်နေတာ....။ ငါ...အဲ့ဒါကိုသိနေတယ်”....

သူခေါင်းယမ်းရင် နှုတ်မှနေ “မဟုတ်ပါဘူး”....ဟု ခပ်တိုးတိုးငြင်းမိ၏။ သူ့စကားသံတို့သည် သိပ်မသဲကွဲမှန်း ဘာသာပြန်သတိထားမိလိုက်သေးသည်။ ပြောရင်းဖြင့် ကြည်ပြာ့ကို သူမျက်နှာထပ်လွှဲမိလိုက်ပြန်သေး၏။

“တော်စမ်းပါဟယ်.....။ ဒီမှာ....ဖိုးကျော်....၊ နင် ဘာဖြစ်လို့ ငါ့မျက်နှာကိုကြည့်ပြီး ငါ့မေးခွန်းတွေကို ပြန်မဖြေ တာလဲ....။ အဲ့ဒါကြောင့်မို့လို့ နင်လိမ်နေတယ်လို့ ငါပြောရဲတာပေါ့ဟဲ့...။ တစ်ကယ်လို့ နင်ငါ့ကိုမလိမ်ခဲ့ဘူးဆို ရင်...နင်ငါ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြန်ဖြေရဲရမှာပေါ့.....။

အေးပါ.... ထားလိုက်ပါတော့....။ ယောကျာ်းလေးဖြစ်ပြီး နင်က လိမ်ပေမယ့် ငါကတော့ ဒီနေ့နင့်ကို ပွင့်ပွင့် လင်းလင်းပဲပြောမယ်”.....

ကြည်ပြာ့လေသံထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်၏အရိပ်အငွေ့တွေယှက်သန်းလာနေတာကို သူသတိထား မိလိုက်ပြန်သည်။

“ငါကတော့ နင့်ကို မချစ်ခဲ့ဘူး”.....

သူ့ရင်ထဲတွင် အမြင့်မှပြုတ်ကျသွားသူတစ်ယောက်လို ဟာ,ခနဲဖြစ်ကာ အေး,ခနဲဖြစ်သွားရ၏။ ကမန်းကတန်းဖြင့် ကြည်ပြာ့ကိုကြည့်မိတော့ သူ့ကိုခပ်တည်တည်စိုက်ကြည့်နေတာ တွေ့ရသည်။ နောက်ပြောင်သည့်အရိပ် အယောင် လုံးဝမတွေ့ရ..။

တစ်ချိန်လုံးတင်းထားမိသောခန္ဓာကိုယ်ကို သူဖြေလျှော့ချလိုက်မိ၏။ ထိုစဉ် ရထားသံလမ်းတစ်လျှောက်တွင် လေပြေတချို့က ဖြတ်သန်းတိုက်ခတ်လာခဲ့သည်။ နေညိုချိန်နှောင်းမို့ အေးမြနေခဲ့သောလေပြေများက ချွေး စတွေမသိမသာစို့နေခဲ့သော သူ့ခန္ဓာကိုယ်ကို အနည်းငယ်အေးမြသွားစေခဲ့သည်။ သူ့ဟန်ပန်ကို ကြည်ပြာက သတိထားမိသလိုကြည့်ရင်းဆက်ပြော၏။

“ဟုတ်တယ်....ဖိုးကျော်....။ ငါနင့်ကို မချစ်ခဲ့ဘူး...။ နင်ငါ့ကို ရည်းစားစကားပြောတုန်းက ငါ့ဘ၀မှာပထမဦး ဆုံးအကြိမ်ပြောခံရတာရယ်....၊ နောက်ပြီးပြောသူကလည်း....နင်ဖြစ်နေတာရယ်...၊ စိတ်လှုပ်ရှားခဲ့တာတွေ ရယ် အားလုံးစုပြုံပြီး နင့်ကိုငါ ချစ်တယ်လို့ အဖြေပြန်ပေးခဲ့မိတာ...။ အဲ့ဒါတွေကို နောက်ပိုင်းမှာ ငါပြန်စဉ်းစား မိခဲ့ပေမယ့် နင့်ကို တစ်ဖြေးဖြေးနဲ့ ချစ်လာမှာပဲလို့ ထင်ခဲ့မိတာ.....။

ဒါပေမယ့် .......ငါ့တွက်ကိန်းမှားသွားတယ်....။ နင်နဲ့ ငါရဲ့ ကြားမှာရှိတဲ့ ငယ်သံယောဇဉ်က အချစ်တစ်ခုဖြစ်ဖို့ လုံလောက်တဲ့ အခြေခံမဟုတ်ခဲ့ဘူးလေ”....

တွေးတွေးဆဆပြောနေသော ကြည်ပြာ့ကိုကြည့်ရင်း..သူ့နှုတ်ခမ်းတွေပြုံးလာမိရ၏။ ဒါကို ကြည်ပြာကကြည့် ကာ “ဘာပြုံးတာလဲ”....ဟု ခပ်ဆတ်ဆတ်မေးသည်။ သူခေါင်းယမ်းပြလိုက်ရင်း ဆက်ပြောဖို့ မေးဆတ်ပြကာ အချက်ပေးမိပြန်တော့......

“အဲ့ဒါပဲလေ......။ အဲ့ဒါတွေကြောင့်မို့လို့ ငါနဲ့နင် ချစ်သူဘ၀ရောက်တာ တစ်နှစ်ကျော်ကျော်ကြာတဲ့ အခုအလို အချိန်အထိ ငါ့ရင်ထဲမှာ နင့်ကို ချစ်သူတစ်ယောက်လို ခံစားလို့မရနိုင်ခဲ့ဘူးဟ....၊ နောက်ပြီး ငါတို့နှစ်ယောက် ကလည်း ချစ်သူဘ၀ရောက်သွားတယ်ဆိုပေမယ့် သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးကိုနင့်ဘက်ကလည်းမ,စ ခဲ့သလို ငါလည်းမေ့နေခဲ့တာ....။ ပြီးတော့ ငါအကဲခတ်မိသလောက်ပြောရရင် နင်လည်းငါ့လိုပဲမဟုတ်လား ဖိုးကျော်။ အဲ့ဒါကြောင့် ငါနင့်ကို ဒီနေ့ဖွင့်ပြောရင်း မေးဖြစ်တာ....။ ဒီအခြေအနေကြီးကို ငါသည်းမခံနိုင် တော့တာလည်းပါတယ်”....

ပွင့်လင်းစွာ၊ ပြတ်သားစွာပြောနေသောကြည်ပြာ့ကိုကြည့်ရင်း သူ့နှုတ်ခမ်းတွေပိုပြုံးလာမိရသည်။ ထိုအခါ ကြည်ပြာက မျက်စောင်းထိုးကာကြည့်ရင်း သူ့လက်မောင်းကို ဖျန်းခနဲတစ်ချက်ထပ်ရိုက်ပြန်လေ၏။

“နာတယ်ဟ....၊ နင့်လက်သံကလည်း ပြောင်ပါ့ဟာ”.......
“ပြောင်ပြောင်ပဲ....၊ ကဲပါ....ငါမေးတာကိုသာဖြေစမ်းပါ...။ နင်လည်း ငါ့လိုပဲမဟုတ်လားလို့”.....

ကြည်ပြာ့အမေးကို ဒီတစ်ခါတော့ သူအောင့်မနေနိုင်တော့။ ထို့ကြောင့် ခေါင်းငြိမ့်ပြလိုက်ရင်း မထိန်းနိုင်တော့ပဲ သူအော်ရယ်မိလေတော့သည်။ သူ့ရယ်သံကျယ်ကျယ်နှင့် မျက်နှာပေးကြောင့် ကြည်ပြာက ‘ကောင်စုတ်’ ဟုခပ်ကျယ်ကျယ်အော်ခေါ်ရင်း သူ့ကိုထပ်ရိုက်ပြန်၏။ သို့သော် ဒီတစ်ခါတွင်တော့ သူ့ကိုယ်ကိုရို့ကာတစ် ဖက်ခြမ်းကို လျှင်မြန်စွာရှောင်လိုက်နိုင်တာမို့ ကြည်ပြာ့ရိုက်ချက်မှ အောင်မြင်စွာလွတ်မြောက်သွားရတော့ သည်။ နောက်တော့ နှစ်ယောက်သား အားရပါးရပြိုင်တူရယ်မိကြ၏။

ရယ်ရင်းနှင့် သူကြည်ပြာ့ကို သွေးတိုးစမ်းသလိုမေးမိသည်။

“နေစမ်းပါဦး....။ နင်ငါ့ကို ခုလိုပြောနေတာ ဘာ့ကြောင့်လဲ.....။ ဘာလဲ နင်တစ်ကယ်ချစ်ရမယ့်သူတွေ့နေလို့ လား”......

“ဟုတ်ပါဘူးဟယ်......။ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းအချစ်ထက်ပိုချစ်လို့မရတာ သေချာနေမှ တော့ ငါတို့ ချစ်သူဘ၀ကိုရုပ်သိမ်းပြီး.....အရင်လို သူငယ်ချင်းအဖြစ်နဲ့ပြန်နေရရင် နင်ရောငါရော သိပ်ပေါ့ပါး သွားမှာမို့လို့ပါ။ နောက်ပြီး အချိန်တွေ ဒီထက်ပိုကြာလာရင် တဖြည်းဖြည်းနဲ့ နောက်ဆုတ်ဖို့ခက် လာမှာစိုးလို့ပါဟာ....။ ငါတစ်ကယ်ချစ်ရမယ့်သူတော့ ခုထိမတွေ့သေးပါဘူးဟယ်...။ နောက်ကျရင်တော့ မသိသေးဘူး အဟိ”......

ပြောရင်းနှင့်ကြည်ပြာက ပခုံးအစုံကိုတွန့်ကာ ရယ်၏။

ကြည်ပြာသည် လှသည်ဆိုတာထက် ချစ်စရာကောင်းသော မိန်းကလေးဖြစ်သည်။ ကြည်ပြာပြောခဲ့သလိုပင် သူလည်း ကြည်ပြာ့လို တစ်ချိန်လုံးခံစားနေခဲ့ရတာဖြစ်၏။ သူနှင့်ကြည်ပြာ သူငယ်ချင်းဘ၀မှ ချစ်သူဘ၀သို့ စရောက်တော့ ဘော်ဒါများမြှောက်ပေးသောကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာအေးဘုရားလမ်းပေါ်မှ မြ ကျွန်းသာ ပန်းခြံထဲတွင် နှစ်ယောက်သားချိန်းတွေ့မိကြသောနေ့ကို မှတ်မိနေသေးသည်။

ထိုနေ့က ကြည်ပြာနှင့်သူ အတွဲများထိုင်လေ့ရှိသော ဆိတ်ငြိမ်ကျွန်းထဲသို့ အရင်သွားမိခဲ့ကြ၏။ လူရှင်းတိတ် ဆိတ်နေသော ထိုကျွန်းထဲရောက်တော့ နှစ်ယောက်သား မတ်တပ်...၊ မတ်တပ်ဖြင့် ဟိုဟိုဒီဒီ ငါးမိနစ်စာခန့် လျှောက်ကြည့်မိကြသေးသည်။ နောက်တော့ နှစ်ယောက်လုံးမတိုင်ပင်ထားကြမိပဲ.....ပျင်းစရာကြီးဟု ပြောမိ ကြရင်း ထိုကျွန်းထဲမှပြန်ထွက်ကာ ကစားကွင်းဘက်သို့ ခြေဦးတည့်မိခဲ့ကြသည်။ Game City ထဲတွင် နှစ်ဦးသား မီးကုန်ယမ်းကုန်သောင်းကျန်းရင်း ပါသမျှပိုက်ဆံတစ်ဝက်ကျော်ကျော်စီ နီးပါးကိုဖြုန်းပစ်ခဲ့ကြ သေးသည်။ အပြန် ရန်ကင်းကြေးအိုးဝင်သောက်ရင်း အရင်ကုန်သူက နောက်မှကုန်သူကို နှဖူးတောက်ကြေး လောင်းကာ ပြိုင်စားမိကြသေးတာ မှတ်မိချင်စရာ...။ ချစ်သူနှစ်ယောက် ပထမဦးဆုံးအကြိမ်အဖြစ် ချိန်းတွေ့ ကြရသော ရင်ခုန်စိတ်လှုပ်ရှားမှုမျိုး သူမခံစားမိခဲ့ရတာအမှန်။ တူလည်း.....မတူခဲ့....။

နောက်ပိုင်းတွင်လည်း ထို့အတူ....။ သူကလည်း ကြည်ပြာ့ကို ချစ်သလားလို့ မမေးခဲ့တော့သလို ကြည်ပြာ ကလည်း မမေးခဲ့ဘူး...။ ချစ်စကားများလည်းမပြောဖြစ်ကြ။ ဟိုတုန်းကလိုပင် စွန်အတူလွှတ်၊ ဇယ်ခုံအတူ တောက်၊ လက်ဖက်ရည်ဆိုင်အတူထိုင်၊ သူ့အိမ်ကိုယ်သွား ကိုယ့်အိမ်သူလာဖြင့် အရင်က သူငယ်ချင်းဆက် ဆံရေးအတိုင်း သူတို့နှစ်ယောက်နေခဲ့မိကြ၏။ သူငယ်ချင်းများမြှောက်ပေး၍ သူကြည်ပြာ့ကို ရည်းစားစကား ပြောဖြစ်ခဲ့၊ ကြည်ပြာက အဖြေပြန်ပေးခဲ့တာမှန်ပေမယ့် သူ့ရင်ထဲတွင် တဖြည်းဖြည်းခံစားမိလာရတာက ကြည်ပြာ့ကို သူငယ်ချင်းတစ်ယောက်ထက် ပိုမရသော ချစ်ခြင်းမျိုးနှင့်....။ အခုတော့ အဆင်ပြေသည်ဟု ဆိုရမည်....။ သူပြောချင်သောစကားများ၊ ဖြစ်ချင်သော ဆန္ဒများကို ကြည်ပြာက အရင်ပြောခဲ့လေပြီမို့ ပင်.....။

ရထားသံလမ်းပေါ်မှ ခဲလုံးတစ်လုံးကိုကောက်ပြီး အနားမှကျောက်ခဲတစ်လုံးကို ထိအောင်ပစ်ရင်းကြည်ပြာက ဆို၏။

“ငါလေ....ပြောသာပြောရတယ်....။ နင့်ငါ့ကို တစ်ကယ်ကြွေနေခဲ့ရင် ဘယ်လိုလုပ်ရမလဲလို့ လန့်နေတာ”....

ရယ်ကျဲကျဲနှင့် ကြည်ပြာ့မျက်နှာကို နှာခေါင်းရှုံ့ကာ သူကြည့်ရင်း.....

“အောင်မာ....သူ့ကိုများ ကြွေစရာကျနေတာပဲ”......

သူ့အပြောကြောင့် ကြည်ပြာက ထပ်ရယ်ပြန်သည်။ သူပါလိုက်ရယ်မိတော့ ကြည်ပြာက မျက်စောင်းပျော့ ပျော့ထိုးရင်း....

“သွားပါ.....အလကားကောင်စုတ်ရဲ့....၊ ခုမှလာပြီး ဟီလာထ,မနေနဲ့...။ ဒီကိစ္စကို မိန်းကလေးဖြစ်တဲ့ ငါကပဲ စပြောရတယ်....။ သူကတော့ ဒီအတိုင်းမှိန်းနေတယ်....။ ငါသာမပြောခဲ့ရင် မျောနေဦးမှာ ဇာတ်လမ်းကြီးက”

“အဲ့ဒီလိုမဟုတ်ပါဘူးဟာ....။ မိန်းကလေးဖြစ်တဲ့ နင်ကစပြောရင် ပိုကောင်းမယ်ထင်လို့ပါ...။ ယောက်ျား လေးတစ်ယောက်က စပြောဖို့မသင့်တော်ဘူးလို့ ငါထင်ထားလို့ပါဟာ၊ ဘာပဲဖြစ်ဖြစ်ပါ....၊ ဘယ်သူစ,ပြော ပြော ငါတို့နှစ်ယောက် မူလအခြေအနေဖြစ်တဲ့ သူငယ်ချင်းတွေဘ၀ကို ပြန်ရောက်သွားဖို့ပဲ အရေးကြီးတာ မှတ်လား”

သူ့အမေးကို ကြည်ပြာက ခေါင်းငြိမ့်ပြ၏။ နောက်....ချမ်းမြေ့စွာပြုံးရင်းတစ်ယောက်တည်း အကျယ်ကြီး အော်လေတော့သည်။

ဟေးး.......စိတ်ချမ်းသာစရာကောင်းလိုက်တာ”........

ကြည်ပြာ့ပုံစံကိုကြည့်ကာ သူဟက်ဟက်ပက်ပက်အော်ရယ်မိတော့သည်။ သူ့ရင်ထဲတွင်လည်း ကြည်ပြာနှင့် ထပ်တူထပ်မျှ စိတ်ချမ်းသာမှုတစ်ခုကို ခံစားနေရတာအမှန်ပင်.....။

~~~~~@@@~~~~~

ထားသံလမ်းပေါ်မှ သူတို့နှစ်ယောက်ဆင်းခဲ့ကြသည်။ ဆည်းဆာနှောင်းချိန် ကောင်းကင်တစ်ခုတွင် တိမ် ရောင်စုံများက လင်းလက်လှပစွာ ဖွဲ့တည်နေခဲ့ကြ၏။ ခပ်အေးအေးတိုက်ခတ်နေခဲ့သော လေပြေထဲတွင် သူ နှင့်ကြည်ပြာတို့ရဲ့ လွဲမှားခဲ့ခြင်းများမျောပါသွားခဲ့သလိုပင်.....။

နောင်လာမည့် မိုးမရွာသော နေ့ရက်များတွင် သူနှင့်ကြည်ပြာတို့သည် မူလအခြေအနေဖြစ်သော သူငယ် ချင်းဘ၀ဖြင့် ပျော်ရွှင်စွာ စွန်လွှတ်နေခဲ့ကြဦးမှာ သေချာနေဆဲ......။       ။

                              ~~~~~@@@~~~~~@@@~~~~~@@@~~~~~


(ပုံလေးတွေကို ဒီနေရာ နဲ့ ဒီနေရာ လေးတွေကနေ ယူသုံးခဲ့ပါတယ်ခင်ဗျာ......။)
==========================================
လွန်ခဲ့တဲ့ ရက်အပတ်က ခုနှစ်စဉ်ကြယ် မှာတင်ဖြစ်ခဲ့တဲ့ ၀တ္တုတိုလေးပါ....။
ကျွန်တော့်နေရာလေးမှာ ပြန်သိမ်းထားချင်လို့ပါခင်ဗျာ......။
==========================================

ချစ်ခြင်းအားဖြင့်......
ဏီလင်းညို
(မူလအခြေအနေ)

Friday, September 3, 2010

တောသုံးထောင်



ထိုနေ့မနက်က သူနေသောမလက္ကာမြို့လေးတွင် မိုးတွေရွာသွန်းနေခဲ့၏။ ရွာတာမှ ကောင်းကင်တစ်ခုလုံး မည်းမှောင်ရီဆိုင်းကာဖြင့် သည်းသည်းမည်းမည်းပင်ဖြစ်သည်။ ရှားရှားပါးပါး နားရက်တစ်ရက်ရသော်လည်း မနက်ခင်းအလုပ်ဆင်းဖို့ ပြင်ဆင်နေကြသော အိမ်မှအတူနေသူငယ်ချင်းများနှင့်အတူ သူနိုးနေမိခဲ့သည်။

“အောင်မလေးဗျာ.....၊ ကောင်းလိုက်တဲ့မိုး..။ အလုပ်တောင် မသွားချင်တော့ဘူး”....

“ဟုတ်တယ်ကွ...၊ အိပ်ယာထဲမှာ ပြန်နှပ်လိုက်ရရင်တော့ ဇိမ်ပဲဗျို့”....

“ဟော......ကြည့်စမ်း....၊ ပြောရင်းဆိုရင်း ပိုတောင်သည်းလာလိုက်သေးတယ်....။ တော်တော့်ကို အကျင့်ဆိုးတဲ့မိုး”.....

“အစ်ကိုကြီးတို့များ......ကံကောင်းချင်တော့ အလုပ်နားရတဲ့ရက်မှာ မိုးသည်းသည်းရွာတာနဲ့ ပက်ပင်းကို တိုး တော့တာပဲဗျာ”.....

“အေးလေ......၊ ငါတို့ နားရက်ဆို ပူလိုက်တာများ.....လန်ထွက်၊ လျှံထွက်နေတာပဲ”....

တစ်ယောက်တစ်ပေါက်ပြောရင်း ထီးရှာသူရှာ၊ ဘောင်းဘီကို တိုအောင်ခေါက်တင်သူတင်ဖြင့် မိုးရွာထဲအလုပ် သွားရန်ပြင်နေကြသော အိမ်မှအတူနေ သူငယ်ချင်းညီအစ်ကိုများကိုကြည့်ရင်း သူပြုံးမိသည်။ သူတို့ပြောမယ် ဆိုလည်း ပြောချင်စရာ.....။ ညည်းမယ်ဆိုလည်း ညည်းချင်စရာ အခြေအနေမို့ပင်....။ ရာသီဥတုက သူ့ဘက် ပါလွန်းလှစွာဖြင့်......။

သို့သော်...နောက်ဆုံးတော့ နာရီစက်သံတစ်ချက်ချက်ရဲ့လှုံဆော်မှုအောက်တွင် သူတို့မလွန်ဆန်ဝံ့စွာဖြင့် အ လျှိုအလျှို လုပ်ငန်းခွင်သို့ဝင်ကြရန် အိမ်ပေါ်မှတစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြရ လေတော့သည်။

အားလုံးအပြင်ထွက်သွားကြပြီးတော့ တံခါးကိုသူသော့ခတ်လိုက်သည်။ နောက် မီးဖိုချောင်ထဲဝင်လိုက်ရင်း ရေခဲသေတ္တာကိုဖွင့်ကြည့်မိ၏။ ညဆိုင်းမှ သူငယ်ချင်းညီအစ်ကိုများ မကြာခင်ပြန်လာတော့မှာမို့ အဆင်သင့် စားလို့ရအောင် ဟင်းချက်ပေးထားဖို့ဖြစ်သည်။ ရေခဲသေတ္တာထဲတွင် ချဉ်ပေါင်ရွက်များနှင့် ပုစွန်အနည်းငယ်မှ လွဲပြီး ဘာမှမရှိ။ တစ်ပတ်စာ ၀ယ်ထားသော ဟင်းသီးဟင်းရွက်များနှင့် သားငါးများသည် ငါးရက်ကျော်ခဲ့ပြီမို့ ကုန်ပြီဖြစ်၏။ ထို့ကြောင့် ချဉ်ပေါင်နှင့် ပုစွန်ကိုပဲရောချက်ဖို့ စိတ်ကူးလိုက်မိသည်။ မိုးအေးအေးနှင့် ချဉ်ပေါင်ပုစွန် ဟင်းစားကြပြီး....“ပန်းမောင်မောင်”တွေဖြစ် ကုန်ကြမလားဟု တစ်ယောက်တည်းတွေးရင်း ရယ်မိလိုက်သေးသည်။

~~~~~@@@~~~~~

သိပ်မကြာလိုက်.....။
ညဆိုင်းမှ သူငယ်ချင်းညီအစ်ကိုနှစ်ယောက်ပြန်လာကြတော့ ပုစွန်နှင့်ချဉ်ပေါင်ဟင်းအိုးကို သူဖိုပေါ်တင်ပြီး ကာစ ပင်ရှိသေးသည်။

“၀ါး..............ဒို့အစ်ကိုကြီး ဒီနေ့နားတယ်ဟေးးးးးး”..........

“အဲ့ဒါကြောင့် မိုးရွာတာနေမှာ........အဟီး”..............

ရှားရှားပါးပါး သူနားရတာမြင်တာမို့ သူငယ်ချင်းညီလေးနှစ်ယောက်က သူ့ကို နောက်သလို အော်ကြလေ၏။ အပြင်ဘက်တွင်တော့ မိုးစက်များက သည်းသည်းမည်းမည်းရွာသွန်းနေခဲ့ကြဆဲ....။

မိုးရေစိုစိုအ၀တ်အစားများကို မလဲနိုင်ကြသေးပဲ သူ့အနားကိုကပ်လာကြ၏။ တစ်ယောက်ကမေးသည်။

“အား.....ဘာဟင်းချက်နေတာလဲ...အစ်ကိုကြီး”......

“ဘာမှ မရှိလို့ ချဉ်ပေါင်နဲ့ ပုစွန်ပဲ ရောချက်ထားလိုက်တယ်ဗျ....၊ ပြီးရင် အစ်ကို ကြက်ဥထပ်ကြော်ပေးဦးမှာ ပါကွာ”.....

“ဟေးးးးး........ချဉ်ပေါင်ဟင်းနဲ့ ဆွဲရတော့မယ်ကွ”.....

ကလေးများလို အော်ရင်း ရေစိုအ၀တ်များကို သူတို့တွေလဲရန်ပြင်ကြသည်။ မီးဖိုချောင်မှ သူထွက်ခဲ့တော့ အ၀တ်မလဲသေးပဲ အခန်းအပြင်ပြန်ထွက်လာသောတစ်ယောက်က သူ့အနားကို မချိုမချဉ်မျက်နှာပေးလေး ဖြင့်ကပ်လာရင်း.....

“အစ်ကိုကြီး....အရက်သောက်ကြမယ်ဗျာနော်”......

“ဟေ....၊ မင်းတို့ ညကျရင် အလုပ်ဆင်းရဦးမှာ မဟုတ်လားဗျ”.....

“ဆင်းတော့ဆင်းရမှာ....။ သောက်ပြီးလည်းသွားဆင်းမှာပါ....။ အစ်ကိုကြီးနဲ့က တစ်အိမ်တည်းနေပေမယ့် အဆိုင်းမတူတာကများပြီး....အတူတူမသောက်ရတာကြာနေလို့...။ ပြီးတော့ မိုးလည်းအေးလို့”......

သူ့မျက်နှာတွင် ရယ်ချင်ဟန်ကို ထိမ်းရင်း....

“အေး.....အေး....အဲ့ဒါဆို သောက်ကြတာပေါ့ကွာ.....၊ နေဦး အစ်ကို ပိုက်ဆံသွားယူလိုက်ဦးမယ်....၊ အ ခန်းထဲမှာ”....

“ဟင့်အင်း......ကျွန်တော်တို့တိုက်မှာ.....၊ ပြီးတော့ ကျွန်တော်တို့ချည်းပဲဆိုပျင်းစရာနေမှာ...။ ဟိုဖက်ခန်း ကကောင်တွေကိုပါ ခေါ်မှာမို့လို့”.......

သူခေါင်းငြိမ့်ပြလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် သူနှင့်တွေ့လျှင် ကလေးများလိုဖြစ်ဖြစ်နေကြသော သူတို့အားလုံး ကို အလိုလိုက်ရမြဲ....။ အလိုလိုက်ရအောင်လည်း လိမ္မာနာခံတတ်ကြသော လူငယ်လေးများမို့ပင်။

ခွင့်ပြုချက်ရပြီမို့ သူတို့နှစ်ယောက် တိုက်အောက်ပြန်ဆင်းသွားကြတော့ ချဉ်ပေါင်ဟင်းအိုးကို ရေနည်းနည်းထပ်ဖြည့်ကာ သူရေ၀င်ချိုးမိသည်။ အိပ်ယာထလျှင် ရေချိုးတတ်သောအကျင့်ကြောင့်ပင် ဖြစ်ပါသည်။ အနည်းငယ်ရှည်နေသော ဆံပင်ကိုပါလျှော်မိလိုက်သည်။ သူရေချိုးခန်းထဲမှ ပြန်ထွက်ခဲ့တော့ အောက်ဆင်းသွားသူနှစ်ယောက်ပြန်ရောက်နေကြပြီ....။ သူတို့နှစ်ယောက်နှင့်အတူ အခြားခန်းမှ သူငယ်ချင်းညီလေးနှစ်ယောက်လည်းပါလာသည်။

“ဒီနေ့အဲ့ဒါကြောင့် မိုးသည်းနေတာ”.....

တစ်ယောက်က ပြုံးစိစိမျက်နှာပေးဖြင့် သူ့ကိုနောက်သည်။ သူပြုံးရင်း ‘မင်းတို့သောက်ပြီးရင် ဒီမှာထမင်းစားပြီးမှ ပြန်ကြ...။ ဟုတ်ပြီလား’......ဟု ခပ်ကျယ်ကျယ်လေးပြောမိသည်။ သောက်ပြီးလျှင် အစားမစားချင်ပဲ ထိုးအိပ်တတ်သောသူတို့ အကျင့်ကို ကြားဖူးထားသောကြောင့်ဖြစ်၏။ သူ့စကားကို အကုန် ခေါင်းငြိမ့်ကြသည်။ သိပ်မကြာခင်မှာပဲ သူတို့ အသောက်ဝိုင်းက စတင်လေတော့သည်။

~~~~~@@@~~~~~

နေ့လယ် ဆယ့်နှစ်နာရီမထိုးခင် သူတို့အားလုံးဝိုင်းသိမ်းကာ ထမင်းစားကြသည်။ အခြားခန်းမှ နှစ်ယောက်ပြန်သွားတော့ အိမ်မှနှစ်ယောက်လည်းဝင်အိပ်ကြတော့၏။ သူလည်း အနည်းငယ်ရစ်သီသီဖြင့် အိပ်ခန်းထဲဝင်ခဲ့သည်။ စက်ကိုဖွင့်ကာ ရေးလက်စ,စာကိုဆက်ရေးဖို့ပြင်တော့ လုံးဝရေးလို့မရ....။ ရေးထားသောအကြောင်းအရာနှင့် လိုက်လျောညီထွေးသော အတွေးနှင့် စာကြောင်းများက ထွက်မလာ...။ ရီဝေေ၀ဦးနှောက်ဖြင့် သူစဉ်းစားမိလိုက်သေးသည်။ တချို့တွေများ အရက်သောက်ပြီးစာရေးတယ်ကြားဖူး တယ်...။ ငါတော့ ဘယ်လိုမှ ရေးမရပါလား....ဟူ၍ပင်...။ ထို့ကြောင့် လက်လျှော့ကာ စက်ကို အဝေးသို့ပို့လိုက်ပြီး အိပ်ယာထက်လှဲရင်း မျက်လုံးမှေးနေမိလိုက်သည်။ နားရက်တစ်ရက်ရတာ အလကားဖြစ် သွားပြီ...။ ဘာစာမှ မရေးနိုင်....၊ မဖတ်နိုင်ဖြစ်ရပြီ....ဟု နောင်တရသလိုလိုခံစားမိရ၏။ ထိုစဉ်အပြင်မှ မိုးချိန်းသံနှင့် တစ်ဝေါ၀ါမြည်နေသော မိုးရေစက်များပြိုဆင်းနေသံကို ကြားလိုက်ရပြန်သည်။

သူ့မျက်လုံးများ မှေးစင်းလာသည်။ စောင်ကိုဆွဲခြုံရင်း အိပ်ယာထက်တွင် သူအိပ်ပျော်သွားသည်ထင်၏။ အခန်းအတွင်းတပ်ဆင်ထားသော လေအေးပေးစက်ကတော့ သူ့တာဝန်ကို သူကျေပွန်စွာထမ်းဆောင်ရင်း လည်ပတ်နေခဲ့လေသည်။ သူ အအေးလျှော့ဖို့...၊ ပိတ်လိုက်ဖို့ မေ့သွားသည်။

~~~~~@@@~~~~~
သူအိပ်မက်မက်နေသည်....။ အိပ်မက်ထဲတွင် နှင်းတွေကျကာ အရမ်းအေးနေသည်။ လေတွေတိုက် နေသံကို လည်းကြားနေရသလိုရှိ၏။ လွင့်မျောစွာသူလမ်းလျှောက်နေမိဆဲ......ခပ်လှမ်းလှမ်းတွင် သဏ္ဍာန်တစ်ခုကို တွေ့ရ၏။ တလွင့်လွင့်မျောနေသော ဆံပင်ရှည်ရှည်ရှိရာသို့ သူပြေးလိုက်သွားရင်း လှမ်းခေါ်မိသည်။ သို့သော် သူ့ကို လှည့်မကြည့်.....။ သူထပ်ခေါ်သည်။ ဝေး၍..ဝေး၍သာသွားသည်။ ထို့ကြောင့် အသံအမြင့်ဆုံးသူထုတ် ကာခေါ်လိုက်မိ၏။


“........................”

သူ့အသံသည် အိပ်မက်အပြင်ဘက်ထိရောက်သွားသည်။ နောက်တော့ သူလန့်နိုးသွား၏။ သူ့အခန်းအတွင်း မှာ မည်းမှောင်လျှက်ရှိသည်။ မီးခလုတ်ဖွင့်ဖို့ အိပ်ယာမှထလိုက်မိတော့ သူ့ခန္ဓာကိုယ်တစ်ချက်ယိုင် သွားရသည်။ စောစောက အိပ်မက်ကိုပြန်သတိရစွာဖြင့်ရယ်ချင်စိတ်နှင့်အတူ သူပြန်ထိုင်ချလိုက်ရင်း တစ်ယောက်တည်းရယ်မိလိုက်သည်။ မနက်တုန်းက သောက်ခဲ့သော နှစ်ခွက်သုံးခွက် စာမျှအရှိန်သည် ခုထိမူးနေဆဲပဲလားဟု တွေးမိသွားသေးသောကြောင့်ပင်ဖြစ်၏။

သို့သော် သူ့ခေါင်းထဲတွင် တိုး၍သာပိုမူးလာလေတော့သည်။ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို သူ့ခန္ဓာ ကိုယ်က ပြသကာ သစ္စာဖောက်စ,ပြုနေခဲ့လေပြီ....။

သူ သိလိုက်၏။ သူတစ်ခုခုဖြစ်နေတာ သေချာနေခဲ့လေပြီ.....။

~~~~~@@@~~~~~

CT-SCAN – BRAIN

Pre and post contract scans were obtained.
There is no cerebellopontine angle tumour.
Brainstem is not compressed.
No infarct or bleed is seen.
Ventricles are normal.
No mastoidities is seen.

Impression – Normal CT brain.

လက်ထဲမှ စီတီစကင်အဖြေစာရွက်လေးကို သူကြည့်နေမိသည်။ တချို့စာလုံးတွေသိပ်နားမလည်သော် လည်း အောက်ဆုံးမှ စာကြောင်းလေးကိုတော့ နားလည်သလိုလိုရှိ၏။ လူက ရပ်နေပေမယ့် စိတ်ထဲတွင် ရွေ့လျားနေ ၊ လွင့်မျောနေရသလို....၊ တစ်ခါတရံပြင်းပြင်းထန်ထန်ဆွဲလှည့်ခံရသလို မူးဝေနေခဲ့တာကြာ ပြီ...။ သွားလိုက် ရသောဆေးခန်း၊ သောက်လိုက်ရသောဆေးတွေလည်း စုံခဲ့ပြီ....။ အခုထက်ထိ အကြောင်းမထူးသေး..။ သူခံစားနေရသော မူးဝေခြင်းဝေဒနာက လျှော့ပါးမသွားသေး....။ ဆေးရုံတွင် အီးစီဂျီရိုက်၊ သွေးစစ်၊ မျက်စိစစ် သူလုပ်ခဲ့သေးသည်။ သို့သော် အားလုံးပုံမှန်အခြေအနေ.....။ အခု ရီဝေနေဆဲဖြစ်သော ခေါင်းကို စကင်ရိုက်ကြည့်ပြန်တော့လည်း ပုံမှန်...။ ဆရာဝန်တွေက အစတော့ သူခံစားနေရသောဝေဒနာကို သွေးကြောင့်၊ အနေအထိုင်ကြောင့်၊ အားနည်းတာကြောင့်၊ အလုပ်ထဲမှာရှိ တတ်သော စိတ်ဖိစီးမှုကြောင့် ဟုထင်ကာ သူ့အစားအသောက် အနေအထိုင် အားလုံးကိုမေးကြသည်။ သူကလည်း ပြန်ဖြေခဲ့သည်။ အလုပ်ထဲတွင်လည်း ဘာဖိစီးမှုမှမရှိ....။ အနေအထိုင်က နောက်ဆုံးသူလုပ်ခဲ့ တာကို ပြောပြသည်။ ထိုနေ့က မိုးရွာသည်.....၊ သောက်သည်....၊ အိပ်သည်...၊ အဲကွန်းမပိတ်မိ.....စသဖြင့်.....။ ထိုအခါ ဆေးတွေပေးကြသည်။ သူ မငြင်းပဲသောက်သည်။ သို့သော် မသက်သာ....။ တစ်ခါ တလေ...စိတ်ကောင်းဝင်က ၁နာရီစာလောက် မမူးပဲနေသည်။ ၀မ်းသာမည်ရှိသေး ပြန်မူးလာပြန်သည်။ အဆိုးဆုံးက မနက်အိပ်ယာထပြီးကာစ, ၁၅မိနစ်အတွင်းစမူးလာကာ ညမအိပ်ခင်အချိန်အထိ တောက် လျှောက်လို မူးနေတာမို့ပင်ဖြစ်သည်။

စားဝင်ပေမယ့် စားချင်စိတ်မရှိတာကြောင့် နဂိုက မ၀သောသူ့ခန္ဓာကိုယ်မှာ ပိုပိန်သွားသည်။ လမ်းလျှောက်လျှင် တစ်ခုခုကိုကိုင်ပြီးလျှောက်မှ စိတ်ရဲသည်။ လဲကျမှာစိုးလို့ဖြစ်၏။ လူငယ်ယောကျာ်းလေး တစ်ယောက်ဖြစ်ပြီး နေ့ခြင်းညခြင်း အဖိုးကြီးတစ်ယောက်လို နံရံကို လက်ဖြင့်ကိုင်ကာသွားရသောအခြေအ နေဖြစ်သွားတာကြောင့် ကိုယ့်ကိုယ်ကို အံ့သြစွာ ဒေါသထွက်မိရသည်။ သို့သော် သူ ဘာမှ မတတ်နိုင်ခဲ့....။ အကောင်းဆုံးနည်းလမ်းတစ်ခုသူထပ်ရှာမိပြန်သည်။ လွယ်လွယ်နဲ့ အလျှော့ပေးဖို့ သူဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပါ.....။

~~~~~@@@~~~~~

နောက်တော့ အထူးကုဆေးခန်းတစ်ခုသို့ သူထပ်ရောက်သည်။ ထိုဆေးခန်းတွင် ဖြစ် ကြောင်းအကုန်ကို သူပြောပြ၏။ ထိုအခါ ဒေါက်တာမလေးက သူ့ကို နည်းတစ်မျိုးဖြင့်ထပ်စမ်းသည်။ (ဒေါက်တာမလေးသည် သူနှင့်အရွယ်တူလောက်ဖြစ်မည်ထင်ရ၏။ ခေါင်းမြီးခြုံကလေးနှင့်ဖြစ်သည်။)


မျက်နှာခြင်းဆိုင်ကာ သူ့ရှေ့မှာထိုင်ရင်း ဒေါက်တာမလေးက သူ့ကိုတည့်တည့်ကြည့်စေသည်။ နောက် စောင်းကြည့်ခိုင်းသည်။ ဟိုဘက်စောင်းကြည့်ခိုင်း.....၊ ဒီဘက်စောင်းကြည့်ခိုင်းဖြင့် နှစ်ခါသုံးခါကြည့်ခိုင်း သည်။ မူးသလားဟု မေးသည်။ သူက ခေါင်းငြိမ့်ပြမိသည်။ နောက်တစ်ခါ သူ့ကိုလက်ညှိုးထောင်ခိုင်းသည်။ သူကလေးတစ်ယောက်လိုလက်ညှိုးထောင်တော့ ထိုဆရာဝန်မလေးကလည်း သူ့လက်ညှိုးကို ထောင်ထား ရင်း ပြောသည်။

“မင်းနှာခေါင်းကို မင်းလက်ညှိုးနဲ့ အရင်ထိ၊ ပြီးရင် အဲ့ဒီလက်ညှိုးနဲ့ ငါ့ လက်ညှိုးကို လာထိ”.....ဟုဆိုကာ သူမရဲ့လက်ညှိုးကို ခပ်လှမ်းလှမ်းတွင် ထောင်ပြထားလေသည်။ သူကြိုးစားလုပ်မိပြန်သည်။ ဘယ်ဖက်ပြီး တော့ ညာဖက်....စသဖြင့်....။ သာမန်အချိန်များတွင် အလွယ်လုပ်နိုင်မည်ဖြစ်သော်လည်း သူကြိုးစားပြီး ထိုကဲ့သို့လုပ်ခဲ့ရသေး၏။

နောက်ထပ် သူ့ကိုထပ်စမ်းပြန်သည်။ စတီးဂေါက်တံသေးသေးလေးကို သူမယူလာသည်။ နောက် ထို ဂေါက်တံလေးဖြင့် သူမတံတောင်ဆစ်ကို အသာခေါက်ပြီး သူ့နားဝနားတွင် လာထားသည်။ ဘာသံကြား ရသလဲ....ဟုပြီးတော့မေးသည်။ တုန်ခါသံ တ၀ီဝီကို သဲ့သဲ့ကြားရတာမို့ သူပြန်ဖြေတော့ ဒေါက်တာမလေး က good ဟုဆို၏။ နောက် ဟိုဘက်...၊ ဒီဘက် နားဝနှစ်ဖက်စလုံးကိုထိုသို့ လုပ်ကာ စမ်းသပ်သည်။ ထို့ပြင် နားရွက်အနောက်ဖက်တွင် ထိုဂေါက်တံလေးကိုထားကာ ကြားမကြားကိုစမ်းပြန်လေ၏။ ပြီးနောက် ထိုဂေါက်တံလေးကိုသူမတံတောင်ဆစ်ဖြင့် ပြန်ခေါက်ရင်း သူ့နဖူးနားတွင်ထားပြန်သည်။ ကြားရသလားဟု မေးပြန်လေသောအခါ သူခေါင်းငြိမ့်ပြလိုက်မိပြန်သည်။ ထိုအခါ ဒေါက်တာမလေးက ထိုဂေါက်တံလေးကို သူ့တံတောင်ဆစ်ဖြင့် ထပ်မံခေါက်ပြန်လေသည်။ ဒီတစ်ခါတော့ လက်ဆပြင်းသွား၍ သူမတံတောင်ဆစ် ကိုပြင်းပြင်းပြန်ခေါက်မိသွားသည်နှင့် တူ၏။ သူမဘာသာ ကျွတ်ထိုးစုပ်သပ်ရင်း သူ့ကို ရှုံ့မဲ့စွာဖြင့် ရယ်ပြ သည်။ နောက် ထိုဂေါက်တံထိပ်လေးဖြင့် စေ့ထားခိုင်းသော သူ့သွားပေါ်သို့ ထောက်ကာ ပဲ့တင်သံကို ကြား ရသလားမေးပြန်၏။ သူခေါင်းငြိမ့်ပြလိုက်ပြန်သည်။ ထိုနောက် သူ့ကို ခုတင်ပေါ်တွင် ဇောက်ထိုး ခြေဆင်းကာထိုင်စေ၏။ ခြေဆင်းထိုင်နေသော သူ့ကို လက်မောင်းနှစ်ဖက်မှနေတင်းတင်းကိုင်ရင်း တစ်၊ နှစ်၊ သုံး....ဟု ရေရွတ်ကာ ဆတ်ခနဲ လှဲချလေသည်။ ခုတင်နောက်ဖက်တွင် သူ့ခေါင်းမှာ ခုတင်နှင့်လွတ် နေခဲ့ရသည်။ ထိုခေါင်းကို တန်းတန်းထားစေပြီး ဒေါက်တာမလေးက သူ့မျက်နှာကို လည်ပင်းလိမ်ကာ စောင်းပြီးကြည့်စေသည်။ သူကြည့်ရပြန်သည်။ စိတ်ထဲမှနေပြီးတော့လည်း ဒီဒေါက်တာမလေးဟာ.....သူ့ကိုသိပ်ကြည့်ခိုင်းတာပဲ....ဟု ဟာသစိတ်ဖြင့်တွေးမိ၏။ သို့သော် သူ့ခေါင်းက ပိုမူးလာသလိုရှိ၏။

ထိုအခန်းတွင်း စမ်းပြီးပြီးခြင်း ဒေါက်တာမလေးက ခဏထိုင်နေစေသည်။ ချက်ခြင်းမဆင်းနဲ့ဦး....၊ မူးနေမှာ စိုးလို့ဟု ဆိုသည်။ ထို့နောက် သူထိုအခန်းမှ ထွက်လာသောအခါ နောက်အခန်းတစ်ခုထဲ ၀င်ရပြန်လေ သည်။ ထိုအခန်းမှာ အသံလုံခန်းဖြစ်၏။ သူ့နားနှစ်ဖက်ကို နားကျပ်အုပ်ကာတပ်သည်။ နောက် လက်ထဲတွင် ဘောပင်ကဲ့သို့အတံလေးတစ်ခုပေးသည်။ တစ်ကယ်လို့ နားထဲအသံကြားရရင် ထိပ်ပိုင်းလေးကို နှိပ်ဟု ပြောတာကြောင့်.....အသံကြားတိုင်း ထိုကိရိယာလေးကိုနှိပ်မိသည်။ နောက်တခါ သူ့နားထဲကို နားကျပ်လေးထိုးထည့်ပြီး ကွန်ပျူတာဖြင့် ဖတ်ပြန်သည်။ ထိုအခါ ဂရပ်စာရွက်လို ခြစ်ရာတွန့်တွန့်ကွေးကွေး ချွန်ချွန်လေးများ ထွက်လာ၏။ သို့သော် သူဘာမှ နားမလည်ခဲ့ပါ....။

နောက်တော့ ဒေါက်တာမလေးက သူ့ကိုဆေးပေးသည်။ ရောဂါမှတ်တမ်းတွင် meniere's diseasesဟုရေး ပေးသည်။ အောက်ကဆေးကို သောက်သုံးစေသည်။ နှစ်လ သောက်ရမည်ဆိုသေးသည်။ နှစ်လပြည့်လျှင် လာပြန်ပြရန် ရက်ချိန်းပေးသေး၏။


သူထိုနေရာမှ ပြန်လာခဲ့ပြီး ဆေးသောက်သည်။ မှာတဲ့အတိုင်းသောက်သည်။ ပထမအပတ်ထဲတွင် မသက်သာ....၊ နဂိုအတိုင်းမူးဆဲ..မူးမြဲ......။ သို့သော်....ဒုတိယအပတ်တွင် နည်းနည်းလျှော့လာသည်ဟု ခံစားရသည်။ ချက်ခြင်းတော့ ရှင်းရှင်းကြီးပျောက်မသွားသေး....။ အရင်ကထက် အများကြီးပိုမိုတိုးတက် လာတာမို့ သူ့ရင်မှာ အားတက်ရသည်။ အခုဆိုလျှင် ၈၅% တော့ကောင်းလာသည်ဟု သူ့ကိုယ်သူထင်မိလာ သည်။

~~~~~@@@~~~~~

နည်းနည်းသက်သာလာသည်နှင့် သူအလုပ်ကိုပြေးမိသည်။ သူမရှိတုန်းပင်ပန်းခဲ့သူများကို အားနာလွန်းစွာဖြင့်......။ နောက်ပြီး လေထုထဲက နားခိုရာရပ်ဝန်းလေးကို မရဲတရဲစိတ်ဖြင့်ကြည့်မိပြန် သည်။ ကြည့်မိတော့ စာရေးချင်၊ ဖတ်ချင်လာသည်။ သို့သော် စိတ်သွားတိုင်း ကိုယ်မပါနိုင်သေး...။ မနေနိုင်သော လက်ကရေးမိသည်။ ထိုအခါ ပြောမဆုံးပေါင် “တောသုံးထောင်”......ဟုသာဆိုလိုက်ချင် သော သူ့အဖြစ်အပျက်သည် စာတစ်ပုဒ်အဖြစ် ဘလော့ဂ်ပေါ်ကို ရောက်ရှိခဲ့ရတော့၏။   ။

                                       ~~~~~@@@~~~@@@~~~@@@~~~~~

=============================================================
နေမကောင်းဖြစ်တဲ့အတွင်း လာလည်သူ၊ အားပေးသူ၊ ဆုတောင်းပေးသူ၊ မေးလ်နဲ့ မေးသူ မောင်နှမ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်လျှက်ပါခင်ဗျာ.......။
=============================================================
ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို